ပြင်သစ်နိုင်ငံရဲ့ ဗိုင်းရပ်စ်ရောဂါပိုး သတိပေးမြို့များ စာရင်းတွင် မြို့ လေးမြို့ ထပ်တိုးကြောင်း ထုတ်ပြန်

ပါရီ  ၉  အောက်တိုဘာ

 

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ၁၈,၇၄၆ ဦးရှိကြောင်း ကြာသပတေးက ထုတ်ပြန်လိုက်ပြီးနောက် မြို့လေးမြို့ကိုလည်း မြို့တော်ပဲရစ်နည်းတူ ကိုရိုနာဗိုင်းရပ်စ်ပိုး အမြင့်ဆုံးသတိပေးထားတဲ့ စာရင်းထဲကို သွင်းလိုက်ကြောင်း မနေ့က တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။

 

အဲဒီအရေအတွက်ဟာ ဒုတိယလှိုင်း စတင်ကတည်းက ပိုးတွေ့ဦးရေ အများဆုံးနေ့ ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့တစ်လက ပိုးတွေ့အရေအတွက် ၄ ဒသမ ၅ ရာခိုင်နှုန်း ရှိနေရာကနေ ၉ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်လာလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

ကျန်းမာရေးဝန်ကြီးက ပြင်သစ်နိုင်ငံရဲ့ အခြေအနေဟာ ပိုဆိုးလာနိုင်ကြောင်း၊ နေ့စဉ် လူတွေက နာမကျန်းဖြစ်လာကြောင်း ၊ ဖျားနာမှုကို ဆိုးဆိုးရွားရွားခံစားလာရကြောင်း၊ အဲဒီအတွက် ဆေးရုံတက်ကုသရန် လိုတဲ့အခြေအနေကို ရောက်ရှိနေကြောင်း နိုင်ငံကို သတိပေးပြောကြားပါတယ်။

 

စနေနေ့ကစပြီး ထပ်တိုးမြို့လေးမြို့ဟာ ပဲရစ်နဲ့မာဆေးမြို့တွေလိုပဲ ဘားတွေနဲ့ ကော်ဖီဆိုင်တွေကို ပိတ်မှာဖြစ်ပြီး စားသောက်ဆိုင်တွေမှာ စားပွဲတစ်လုံးနဲ့ တစ်လုံး ခပ်ခွာခွာထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် လာရောက်စားသောက်သူတွေရဲ့ နေရပ်လိပ်စာကို မှတ်တမ်းယူထားရန်၊ တကယ်လို့ ဗိုင်းရပ်စ်ပိုးတွေ့ရှိပါက လိုက်လံရှာဖွေးရေးမှာ အထောက်အကူပြုရန်လို့ ညွှန်ကြားချက်မှာပါရှိပါတယ်။

 

ညွှန်ကြားချက်မှာ လူစုဝေးကိုလည်း အရေအတွက် ကန့်သတ်ထားကြောင်း၊ မျက်နှာဖုံးကိုလည်း ဝတ်ဆင်ရေး နဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးကိုလည်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ သူတွေထဲမှာ လူငယ်အများစုပါဝင်လာတဲ့အတွက် အဲဒီလူငယ်တွေကနေ တဆင့် မိသားစုအတွင်းရှိ အသက်အရွယ်ကြီးသူတွေကို ကူးစက်နိုင်တဲ့အတွက် ပိုပြီးစိုးရိမ်ရကြောင်း ထည့်သွင်းပြောကြားပါတယ်။

 

ပြင်သစ်နိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှု နောက်ဆုံးအချက်အလက်တွေအရ တချို့နေရာတွေမှာ လူဦးရေ ၁၀၀,၀၀၀ မှာ ၁၁၆ ဦး အထိ ပိုးကူးစက်ခံနေကြောင်း သိရပါတယ်။

 

ပြင်သစ်တစ်နိုင်ငံလုံးတွင် ဗုဒ္ဓဟူးနေ့က ဆေးရုံတွေမှာ ကုသခံယူနေသူ ၇,၅၁၄ ဦး၊ အင်္ဂါနေ့မှာ ၇,၃၇၇ ဦး ရှိပြီး အရေးပေါ်ကုသမှု ခံယူနေရသူ ၁,၄၀၆ ဦး ရှိနေကြောင်း သိရပါတယ်။ တစ်နိုင်ငံလုံးမှာ အရေးပေါ်ကုသခံယူနိုင်တဲ့ ကုတင်ဟာ ၅၀၀၀ သာရှိပါတယ်။

 

ဗုဒ္ဓဟူးနေ့က သေဆုံးသူ ၈၀ ရှိတဲ့အတွက် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃၂,၄၄၅ ဦး ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP