ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး၌ ဘုရားဖူးလာပြည်သူများ စည်ကား

ပြင်ဦးလွင်   ၁၃  အောက်တိုဘာ

 

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး (ပြည်ချစ်ဘုရားကြီး) ရင်ပြင်တော်၌ ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိ ကြောင်း သိရသည်။

 

သီးတင်းကျွတ်လပြည့်နေ့သည် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားသည့် နေ့ထူးနေ့မြတ် ဖြစ်သည့် အပြင်   ဈေးပိတ်ခြင်း၊ ရုံးများပိတ်ခြင်း၊ အလုပ်ဌာနပေါင်းစုံ အားလပ်ရက် ဖြစ်ခြင်းကြောင့် မိသားစုလိုက်  ခရီးထွက်ပြီး ဘုရားအစုံ ဖူးလေ့ရှိရာ  ပြင်ဦးလွင်မြို့ရှိ ဆုတောင်းပြည့် မဟာအံ့ထူးကံသာ ဘုရားကြီးအား ဖူးမြှော်ကြည်ညိုရခြင်းသည် အလွန်ပင် စိတ်တွင်ကြည်နူးမိကြောင်း၊ ဘုရားကြီးဝင်းအတွင်းမှ တူးဖော်တွေ့ ရှိသော ရှေးဟောင်း ရွှေထည်ပစ္စည်းများကို လေ့လာခွင့်ရရှိကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

 

မဟာအံ့ထူးကံသာ ဆုတောင်းပြည့် (ပြည်ချစ်ဘုရားကြီး) ဘုရားကြီးသို့ နှစ်စဉ်နှစ်တိုင်း အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည်  သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားပန်း၊ ဆီမီး၊ ဆွမ်း၊ ရွှေသင်္ကန်းနှင့် လှူဖွယ်ဝတ္တု အစုစုတို့ကို ကပ်လှူကြပြီး မိမိတို့လိုရာဆုများကို  အသီးသီး တောင်းဆိုကြ၍ အဓိဌာန်ပြုခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းများကို   ပြုလုပ်လျက်ရှိကြသည်။

 

ဇော်မျိုးထိုက် (ပြင်ဦးလွင်)