ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးနိုင်ရေး မြေပြင်စာရင်းကောက်ယူပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်  ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် စံပြတံတားချောင်းကျေးရွာတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူပြုစုခြင်းလုပ်ငန်းများအား ဇွန် ၂၄ ရက်မှစ၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းတွင် စာရင်းကောက်ယူပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွန်မှုဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ရရှိစေရေးအတွက် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးများမှ ပြုလုပ်ပေးနေလျက်ရှိကြောင်း သိရသည်။

ဒလမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများ အရောက် ကွင်းဆင်းပြုလုပ်ပေးလျက်ရှိသည်။

"ပန်းခင်းစီမံချက်အရ ကွင်းဆင်းပြုလုပ်ပေးနေသလို မြို့နယ်ရုံးမှာလဲ ရုံးဖွင့်ရက်တွေမှာလဲရုံးချိန်အတွင်း ပြည်သူတွေလာရောက်ပြီး လဝကနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို ပြုလုပ်ပေးနေပါတယ်"ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြေပြင်စာရင်းကောက်ယူပြုစုခြင်းများနှင့်ပတ်သက်၍ "လ ဝ က ကဆင်းလာရင် လုပ်ငန်းတွေ မြန်ဆန် ပြီး စနစ်တကျလဲဖြစ်အောင် စာရင်းကြိုတင်ပြုစုနေတာပါ၊ အဓိက ကတော့ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မလုပ်ရသေးသူတွေရယ် မှတ်ပုံတင်ကို တစ်ခါမှမလုပ်ရသေးသူတွေကို စာရင်းကောက် ယူပါတယ်"ဟု စာရင်းကောက်ယူသူတစ်ဦးက ပြောသည်။

 ပြီးခဲ့သည့်နှစ်များလည်း နိုင်ငံတော်အစိုးရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိုးပွင့်စီမံချက်၊ သစ္စာစီမံချက်ဖြင့် မြို့နယ်ရုံးမှ ရပ်ကွက်နှင့်ကျေးရွာများအရောက် ကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခဲ့ကြောင်း ယခုလည်းပန်းခင်း စီမံချက်ဖြင့်ကွင်းဆင်းပြုလုပ်ပေးသည့်တွက် အလုပ်ခွင်မပြတ် ငွေကြေးကုန်ကျမှုလည်းနည်းပါး၍ ပြည်သူများအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မောင်ယဥ်ဦး