ပြန်လည်ထူထောင်ရေး

၆  သြဂုတ်

 

မြန်မာနိုင်ငံတစ်ဝန်းတွင် ရက်သတ္တတစ်ပတ်မက ရွာသွန်းဖြိုးသည့် မိုးရေပမာဏသည် မြစ်ချောင်းအင်းအိုင် အားလုံးတို့ကို ပြည့်လျှံစေသည့်အပြင် ရေကြီးရေလျှံမှုကိုဖြစ်စေခဲ့သည်။ အထူးသဖြင့် မြစ်ကမ်းနှင့်နီးသော ဒေသများနှင့် မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွားဖြစ်ခဲ့သည်။ ယခုအခါ ရွာသွန်းခဲ့သောမိုးအရှိန် အနည်းငယ် လျော့ပါးလာပြီဖြစ်၍ တက်ရေများ တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားသည်ကိုတွေ့ရသည်။

 

အားကောင်းခဲ့သော မိုးအရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှု ဖြစ်စဉ်အတွင်း ပြည်သူများ ရေဘေးသင့်ကာ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနစ်နာခဲ့ရသည်။ ဇူလိုင်လနှင့်ဩဂုတ်လအတွင်း ရေဘေးဖြစ်ပွားခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုနှင့်ထောက်ပံ့ကူညီမှု ယနေ့လက်ရှိစာရင်းချုပ်တွင် ကျေးရွာများအတွင်း ရေဝင်နစ်မြုပ်သဖြင့် ရွှေ့ပြောင်း၊ မရွှေ့ပြောင်း အိမ်ထောင်စု လေးသောင်းကျော်ရှိပြီး လူဦးရေအားဖြင့် နှစ်သိန်းခန့်ရှိခဲ့သည်။ ရေဘေးအန္တရာယ်ကြောင့် ပြည်သူ ၁၇ ဦးအသက်ဆုံးရှုံးခဲ့ရပြီး နေအိမ် ၃၀ ခန့် မျောပါခဲ့ရသည်။

 

ရေကြီးရေလျှံမှု ဖြစ်ပွားလျှင်ဖြစ်ပွားချင်း အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ ဦးဆောင်ပြီး နယ်မြေဒေသအလိုက် အာဏာပိုင် အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ ပြည်သူများပူးပေါင်းကာ ရေဘေးကယ်ဆယ်ရေး စခန်းများကို ချက်ချင်းဖွင့်လှစ်၍ ကယ်ဆယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။ ရေဘေးကယ်ဆယ်ရေးစခန်း သုံးရာကျော်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ တက်ရေများ ပြန်လည်ကျသွားပြီဖြစ်၍ ကယ်ဆယ်ရေးစခန်း ၁၈၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး ပြည်သူများ ၎င်းတို့ကျေးရွာများသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ ရေလျော့နည်း ကျဆင်းခြင်းမရှိသေးသည့် ဒေသများမှ ရေဘေးသင့်ပြည်သူ ခြောက်သောင်းကျော်မှာ ကယ်ဆယ်ရေးစခန်း ၁၅၀ ကျော်တွင် ဆက်လက်နေထိုင်ဆဲ ဖြစ်သည်။

 

ရေကြီးရေလျှံမှု ဖြစ်ပွားသောအခါ  ပြည်သူတို့၏ အသက်အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့သည် သာမက မြို့ရွာများရှိ စိုက်ပျိုးမြေများ၊ လမ်းတံတားများ၊ အဆောက်အအုံများပါ ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ရသည်။ သဘာဝဘေး ဖြစ်ပွားနေစဉ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပြီး ယခုအခါ ရေပြန်လည်ကျဆင်းလာပြီဖြစ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စတင်လုပ်ကိုင်ကြရတော့မည် ဖြစ်သည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေကြေးနှင့် စုစည်းညီညွတ်အင်အားမှာ အရေးကြီးပါသည်။

 

လိုအပ်သည့် ဘဏ္ဍာငွေကြေးကို သဘာဝဘေးအရေးပေါ် စီမံခန့်ခွဲမှု ရန်ပုံငွေများ၊ အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ လိုအပ်ချက်များရှိပါကလည်း အစိုးရ၊ လွှတ်တော်၊ စေတနာရှင် ပြည်သူများ စုပေါင်းအားဖြင့် အမြန်ဆုံးဖြည့်ဆည်းကြရန် အသင့်ပြင်ထားသည်ကို တွေ့ရသည်။ ယခုအခါ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဖြစ်သည့် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ စိုက်ပျိုးမြေများ ပြန်လည် စိုက်ပျိုးနိုင်ရေး၊ လမ်းတံတားများ ပြန်လည်ကောင်းမွန်လာအောင် အမြန်ဆုံးပြန်လည်ပြုပြင်ရေး၊ ပြည်သူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ စတင်နိုင်ရေး၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေး၊ ကျန်းမာရေးစသည့် ဒေသလိုအပ်ချက်များအား စတင်အကောင်အထည် ဖော်နေသည်ကိုတွေ့ရသည်။ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဌာနများသို့ သတင်း အချက်အလက်အမှန်များ အမြန်ဆုံးပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများ၏ စုပေါင်းအားဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ သဘာဝဘေးကို ရင်ဆိုင်ကြုံတွေ့ရာတွင် ပြည်သူများ ဘေးအန္တရာယ် ကျရောက်မှုနှင့် ထိခိုက်နစ်နာမှု လျော့ပါးရေးအတွက် မကျရောက်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ ကျရောက်နေစဉ် အရေးပေါ် ကယ်ဆယ် ဆောင်ရွက်ခြင်းနှင့် ကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ညီညွတ်သော အင်အားဖြင့် စနစ်တကျ ဆောင်ရွက်နေပြီဟု ကြေးမုံက ရှုမြင်ပါကြောင်း။ ။

 

ကြေးမုံ