ပြန်လည်ဝင်ရောက်လာကြမည့် နေရပ်ပြန် မြန်မာနိုင်ငံသားများထားရှိရန် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ဘားအံ စက်တင်ဘာ ၂၉

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြမည့် မြန်မာနိုင်ငံသားများအား တိုးမြှင့်ပြီး ကြိုဆိုလက်ခံ၍ ဘားအံမြို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများတွင် ကန့်သတ်စောင့်ကြည့်နိုင်ရန် ကြိုတင်ပြင်ဆင် ထားရှိမှုများအား စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ် (ဘားအံ) အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ရောက်ရှိပြီး နေရပ်ပြန် ၁၉၀ ခန့်အား လက်ခံထားရှိနိုင်ရေး နေရာထိုင်ခင်း ကြိုတင်ပြင်ဆင်ထားမှု အခြေအနေ၊ ရေချိုးခန်း၊ သန့်စင်ခန်း ပြင်ဆင်ဆောင်ရွက်ထားမှု၊ သောက်ရေ သုံးရေ လုံလောက်စွာ ရရှိနိုင်ရေး၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteer များ တွဲဖက်တာဝန်ချထားပေးမည့် အစီအမံများနှင့် ဧည့်ခံကျွေးမွေးရေး အစီအစဉ်၊ ကျန်းမာရေးစစ်ဆေးရန် နေရာများ၊ Swab ယူမည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ဘားအံခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ထားရှိမှုများနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နည်းပညာတက္ကသိုလ် (ဘားအံ) တွင် နေရပ်ပြန် မြန်မာနိုင်ငံသား ၃၁၆ ဦးခန့်အတွက် ကြိုတင်ပြင်ဆင်ထားမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများတွင် တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteer များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့ အမှတ် (၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ဩဂုတ် ၁ ရက်မှစ၍ ပြန်လည်ကြိုဆို လက်ခံပေးလျက်ရှိရာ ယခင်က တစ်ရက်လျှင် ၂၀၀ ခန့်သာ တစ်ရက်ခြား လက်ခံပေးခဲ့ပြီး စက်တင်ဘာ ၂၆ ရက်မှစ၍  တစ်ရက်လျှင် ၅၀၀ ခန့်ထိ ပြန်လည်ကြိုဆို လက်ခံပေးလျက်ရှိကြောင်း၊ မြဝတီမြို့တွင် လူဦးရေ ၁၀၀၀ ခန့်အား အသွားအလာ ကန့်သတ် စောင့်ကြည့်နိုင်ရန် ပြင်ဆင်ထားပြီး ဘားအံမြို့တွင်မှု စက်တင်ဘာ ၃၀ ရက်မှစ၍ လူဦးရေ ၅၀၀ ခန့်အား လက်ခံထားရှ ိပေးသွားနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်၍ ရောဂါပိုးကင်းရှင်းပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်းနှင့် ရောဂါပိုးတွေ့ရှိပါက ဘားအံမြို့ပေါ်ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ ပို့ဆောင်ကုသပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)