ပြည်​ထောင်စုဝန်ကြီး ဦးအုန်းမောင် JATA TOURISM EXPO 2018 တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းပါဝင်ပြသနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးနှင့် ကမ္ဘာ့စားဖိုမှုးကြီးများ အဖွဲ့အစည်းရန်ပုံငွေ ညစာစားပွဲသို့ တက်ရောက်

နေပြည်တော် ၁၀  ဇွန်

 

ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ဇွန် ၉ ရက် နံနက်(၉)နာရီတွင် ရန်ကုန်မြို့ ၊ စီးတီးမောလ်(စိန်ဂျွန်း)၌မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) မှ ကြီးမှုးကျင်းပသည့် ပထမအကြိမ် ရန်ကုန်အမြင်သစ် ဓာတ်ပုံပြိုင်ပွဲဆုပေးပွဲ အခမ်းအနား သို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်း(ရန်ကုန်ဇုန်) မှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းသည့် အလှူငွေအားလက်ခံသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နံနက် (၁၀)နာရီအချိန်တွင် အင်းလျားလိတ်ဟိုတယ်၌ ပြုလုပ်သည့် JATA Tourism Expo 2018 တွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းပါဝင် ပြသနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံတွင်ပြုလုပ်သည့် JATA Tourism Expo ပွဲကို နှစ်စဉ်သွားရောက်ပြသလျှက်ရှိကြောင်း၊ ယခု ၂၀၁၈ ခုနှစ်အတွင်းတွင်လည်း ဂျပန်နိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးသွားသတင်း ဆောင်းပါးရေးသူများနှင့် ဘလော့ဂါ ( Blogger)  များကို မြန်မာနိုင်ငံသို့ဖိတ်ခေါ်၍  မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို ရှင်းလင်းပြသခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ယခုနှစ်တွင်လည်း JATA Tourism Expo 2018 ပွဲကို မြန်မာနိုင်ငံ ၏ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရန်နှင့် နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်နိုင်စေရန်အတွက် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းကို ပြင်ဆင် ပြသစေလိုပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ FDI ဟိုတယ်များမှ တာဝန်ရှိသူများမှ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ပေါင်း စပ်ညှိနှိုင်းပေးခဲ့သည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Pullman Yangon Centrepoint Hotel တွင်ပြုလုပ်သည့် ကမ္ဘာ့စားဖိုမှုးကြီးများအဖွဲ့အစည်း( World  Chefs Without Borders ) နှင့် မြန်မာနိုင်ငံ စားဖိုမှုးကြီးများအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက် သည့်နိုင်ငံပေါင်း(၂၄)နိုင်ငံမှ စားဖိုမှုးကြီး ( ၆၀ )ဦး၏ ဒေသခံပြည်သူများကို အကူအညီပေးမည့် ခရီးစဉ်( Culinary Education , Community Aid in Myanmar ) ရန်ပုံငွေ ညစာစားပွဲသို့တက်ရောက်သည်။

 

အဆိုပါ ကမ္ဘာ့စားဖိုမှုးကြီးများ၏ မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံပေါင်း (၂၄)နိုင်ငံမှ စားဖိုမှုးကြီး ပေါင်း(၆၀)ဦးလိုက်ပါလာသည်။ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ဆိုင်ကလုန်းနာဂစ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသများကို လေ့လာအကူအညီပေးရန်နှင့် ကမ္ဘာ့စားဖိုမှုးကြီးများ အဖွဲ့ အစည်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားရန်တို့ကို ရည်ရွယ်ပြုလုပ်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)