ပညာဖြင့် နိုင်ငံအကျိုးစီးပွားမြှင့်တင်

၁၄ သြဂုတ်

အပြည်ပြည်ဆိုင်ရာ   လူငယ်များနေ့အခမ်းအနားကို  ဩဂုတ် ၁၂ ရက်က နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂  ၌  ကျင်းပခဲ့ရာ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံပညာရေးကဏ္ဍ  ပြုပြင်ပြောင်းလဲဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အသိပေးပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  “မှန်ကန်တဲ့လမ်းဆိုတာ  ကိုယ့်အတွက်လည်းဖြစ်ရမယ်၊ အများအတွက်လည်းဖြစ်ရမယ်၊ အခုအချိန်မှာ ကျွန်မတို့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ နိုင်ငံအတွက်လည်းဖြစ်ရမယ်၊  အခုအချိန်မှာဆိုရင်  ကျွန်မတို့နိုင်ငံက  ပြောင်းလဲတဲ့ရာ သီဥတုဒဏ်ကြောင့်နိုင်ငံသူ နိုင်ငံသားတွေလည်း  ဒုက္ခရောက်တယ်၊  အစိုးရကလည်း  ရှိတဲ့အစွမ်း အစတွေနဲ့ ပြည်သူ ပြည်သားတွေရဲ့ လုံခြုံရေး၊ ပြန်လည်ထူထောင်ရေး တွေကို လုပ်နေတဲ့အတွက်   အားလုံးကဝိုင်းပြီး  ပါစေချင်ပါတယ်။   ကိုယ်မတတ်နိုင်တဲ့ ပြောင်းလဲခြင်းရဲ့ အကျိုးဆက်တွေ ကိုယ်ဘယ်လိုပြောင်းလဲကိုင်တွယ်မလဲဆိုတာ အားလုံးကဝိုင်းပြီး စဉ်းစားပေးနိုင်တဲ့ ပညာတွေ၊ မိမိတို့နိုင်ငံနဲ့  လူ့အသိုင်းအဝိုင်းမှာ  ပွားများစေချင်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကို ပြည်သူ့အစိုးရတာဝန်ယူကတည်းက အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ  နိုင်ငံ၏အနာဂတ်အတွက်အဓိကကျသော အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရေးကဏ္ဍကို ပြောင်းလဲဆောင်ရွက်နေသည်။ ပညာရေးကို ပြုပြင်ပြောင်းလဲဆောင်ရွက်ရာ တွင်နိုင်ငံတော်တွင် တာဝန်ရှိသကဲ့သို့ ဆရာ ဆရာမများနှင့် မိဘများတွင်လည်း တာဝန်ရှိသည့်အပြင် ကျောင်းသား ကျောင်းသူ လူငယ်များကလည်း လိုက်ပါ ပြောင်းလဲဖို့လိုသည်။

ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတော်အစိုးရက ပြောင်းလဲဆောင်ရွက်လျက်ရှိရာတွင်  အနာဂတ်နိုင်ငံကို ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်လူရွယ်များကလည်း နိုင်ငံတော်၏    ပြောင်းလဲမှုများနှင့် လိုက်လျော ညီထွေဖြစ်အောင် လိုက်ပါပြောင်းလဲကြရမည်ဖြစ်သည်။ ယနေ့လူငယ်များအား  နောင်တစ်ချိန်တွင် နိုင်ငံ့အကျိုးကို ထိရောက်စွာသယ်ပိုးနိုင်မည့်လူကြီးများဖြစ်အောင် လူငယ်ဘဝကတည်းက လေ့ကျင့်ပျိုးထောင်ကြရ ပေမည်။

လူငယ်ဆိုသည်မှာ စွန့်စားလိုစိတ်၊ အတုခိုးလိုစိတ်၊ အားကျလိုစိတ်၊ တီထွင်ကြံဆလိုစိတ်   ရှိကြသူများဖြစ်သည်။   အတုယူအားကျလိုမှုနှင့်စွန့်စားတီထွင်ကြံဆလိုမှုရှိသောစိတ်ကို  လမ်းမှန်အောင် တည့်မတ်ပေးဖို့လိုသည်။ 

မိမိ၏ဆင်ခြင်ဉာဏ်နှင့် သုံးသပ်မြော်တွေးကာ ကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်ပေသည်။ ရရှိထားသော ပညာအခြေခံဖြင့် လူငယ်များအနေဖြင့် ချဲ့ထွင်ကြံဆကြိုးပမ်းအားထုတ်တတ်ရန်အတွက် ယနေ့ပညာစနစ်ကိုပြောင်းလဲဖော်ဆောင်နေခြင်းဖြစ်သည်။

သင်ကြားပေးလိုက်သောပညာကို အတန်းအောင်မြင်ရေး၊ ဘွဲ့တစ်ခုရရေး၊  အလုပ်အကိုင်တစ်ခုရရေးသက်သက်အတွက်  သင်ယူခဲ့သော ပညာဟု မခံယူသင့်ချေ။ အရာရာတွင် စဉ်းစားတွေးခေါ်တတ်သည့် ပညာအမြော်အမြင်ရရှိလာစေရန်  သင်ယူခဲ့ခြင်းဖြစ်စေရန်အတွက်  အားလုံး ဝိုင်းဝန်းဖော်ဆောင်ကြရမည်ဖြစ်သည်။    အထူးသဖြင့်   အနာဂတ်ကိုပခုံးပြောင်းတာဝန်ယူမည့် လူငယ်လူရွယ်များအား ထိုအမြော်အမြင်များ ရှိလာအောင် ဖန်တီးပေးရမည်ဖြစ်သည်။

ချမ်းသာသောနိုင်ငံ၊    ဖွံ့ဖြိုးတိုးတက်သောနိုင်ငံသည်  မှန်ကန်ကောင်းမွန်သောပညာရေးစနစ်ကို ခိုင်ခိုင်မာမာချမှတ်ပြီး လူငယ်လူရွယ်များကို  ပြုစုပျိုးထောင်နိုင်ခဲ့သောကြောင့်  လက်ရှိတွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်းပြီး အကျိုးရလဒ်ကောင်းများကို ခံစားနေရသည်။ တစ်နည်းဆိုလျှင် ပညာရေးဘက်တွင်  ကောင်းစွာရင်းနှီးမြှုပ်နှံနိုင်သောကြောင့်နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်။  ယင်းအချက်ကို နိုင်ငံသူ နိုင်ငံသား အားလုံး ဝိုင်းဝန်းကြံဆဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ  ပညာအမြော်အမြင်ရှိခြင်းသည် လူမှုဘဝ၊  လူ့ဘောင်လောကကို ကောင်းမွန်စွာဖြစ်ထွန်းနိုင်သဖြင့် လူတိုင်း လူတိုင်း၊ နိုင်ငံသူနိုင်ငံသားတိုင်း  မိမိကိုယ်ကိုမိမိ  တန်ဖိုးရှိသည့်၊  လူ့ဘောင်လောကကိုအကျိုးပြုသည့် လူသားများဖြစ်သည်ဟူသော ယုံကြည်မှုများထားရှိကာ မိမိနိုင်ငံနှင့် မိမိလူမျိုးတိုးတက်ကြီးပွားအောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြဖို့  လိုအပ်မည်ဖြစ်ပါကြောင်း။

ကြေးမုံ