ပညာဖြင့်ပြောင်းလဲ အနာဂတ်ဖော်ဆောင်

၁၅ ဇန်နဝါရီ

ပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ရာ၌ အတိတ်နှင့် ပစ္စုပ္ပန်ကာလ စွမ်းဆောင်မှုများကို ပြန်လည်သုံးသပ်လေ့လာရမည်ဖြစ်သည်။ အတိတ်မှ သင်ခန်းစာများ၊ ကောင်းမွေများကိုယူပြီး ပစ္စုပ္ပန်ကာလအားနည်းချက်များ၊ လိုအပ်ချက်များအား ပြန်လည်ပြုပြင်၍ ခေတ်နှင့်လိုက်လျောညီထွေရှိသည့် အားသာချက်များကိုဖြည့်စွက်ကာ ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရမည်ဖြစ်သည်။

ခေတ်ကာလတစ်ခုကို တည်ဆောက်ရာ၌လည်းကောင်း၊ လုပ်ငန်းတစ်ခုကိုဖန်တီးရာ၌လည်းကောင်း ပညာသည်အဓိကကျသည့် အရင်းအနှီး ဖြစ်သည်။ ပညာဖြင့်အရာရာကိုဖန်တီးနိုင်သည်။ ပညာဖြင့် အတွေးအခေါ် အယူအဆသစ်များ ဖြန့်ဝေနိုင်သည်။ ရန်ကုန်တက္ကသိုလ်မှ ပေါ်ထွန်းခဲ့သည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များသည် လူ့ဘောင်လောကကို ဖန်တီးခဲ့ကြ၊ တည်ဆောက်ခဲ့ကြသည်။ လူ့ဘောင်လောက တည်ထွန်းရေးကို ဖော်ဆောင်နိုင်သည့် ပညာသန္ဓေတည်ရာဌာနသည် ရန်ကုန်တက္ကသိုလ်ကြီးဟု ညွှန်းဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံပညာရေးလောက၏ အတိတ်နှင့် ပစ္စုပ္ပန်အခြေအနေများကို ပြန်လည်သုံးသပ်လျှင် အနာဂတ်ပညာရေးစီမံကိန်းများ၏ အရေးပါပုံများကို သတိပြုနိုင်မည်ဖြစ်သည်။ အခြေခံပညာကဏ္ဍပြုပြင်ပြောင်းလဲရေး၌ ခွဲခြားမှုမရှိဘဲ လူတိုင်းပညာသင်ယူနိုင်မှုအခွင့်အလမ်းများ ဖော်ဆောင်ပေး နေပြီး တက္ကသိုလ်သင်ရိုးနှင့် နည်းစနစ်များနှင့် လိုက်လျောညီထွေရှိစေရန် သူငယ်တန်း +၁၂ သင်ရိုးသစ်များဖြင့် ပြဿနာဖြေရှင်းရေးစွမ်းရည်၊ သင်ယူမှုစွမ်းရည်၊ ပုဂ္ဂိုလ်ရေးစွမ်းရည်နှင့် လူမှုစွမ်းရည်များတိုးတက်လာစေရန် ပြန်လည်သုံးသပ် အဆင့်မြှင့်တင်နေသည်။
အခြေခံပညာကဏ္ဍနှင့် လိုက်လျောညီထွေရှိမည့် အဆင့်မြင့်ပညာကဏ္ဍ ပြုပြင်ပြောင်းလဲမှု၌ ကျောင်းသား ကျောင်းသူများ ဘဝတစ်သက်တာ သင်ယူလေ့လာသူများ၏ အရည်အသွေးတိုးတက်လာစေရန် သင်ကြား သင်ယူမှု၊ လေ့ကျင့်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုမှအစပြု၍ သင်ယူမှု ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးအားပေးနေကြောင်း သိရသည်။

နယ်ပယ်ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့်ကဏ္ဍမှာ သုတေသနဖြစ်သည်။ မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးတွင် သုတေသနကဏ္ဍမှာ လိုအပ်ချက်များရှိနေ၍ လေ့လာလိုက်စားမှု ဘက်တွင်ပါ အားနည်းသည်ကိုတွေ့ရမည်ဖြစ်သည်။ ပညာရေးကဏ္ဍတွင် သုတေသနသည် အသက်ဖြစ်ပြီး သုတေသနနှင့်ဖွံ့ဖြိုးရေးသည် တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသောတိုးတက်မှုအတွက် အရေးပါသည်။ ထို့ကြောင့် တက္ကသိုလ်တွင် အားလုံးပါဝင်သော သုတေသန ယဉ်ကျေးမှုကိုအားပေးနေပြီး ပေါင်းစည်းသုတေသနကို မြှင့်တင်ပေးနေသည်။

ပညာရေးကဏ္ဍတွင်သာမက အခြားကဏ္ဍများတွင်လည်း သုတေသနကောင်းလျှင် လုပ်ငန်းအရည်အသွေးနှင့် စွမ်းဆောင်မှုများတိုးတက်ကောင်း မွန်လာအောင် အထောက်အပံ့ပေးနိုင်သည်။ ပညာရေးပြုပြင် ပြောင်းလဲမှု တွင် သုတေသနယဉ်ကျေးမှုကို အလေးထားအားပေးမှုအား ကြိုဆိုရမည်ဖြစ်သည်။ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လှုံ့ဆော်မှုသည်အရေးကြီးသည်။ လှုံ့ဆော်မှုအဖြစ် ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် အသုံးချသုတေသနလုပ်ငန်းများအား အားပေးနေသည်ကို တွေ့ရသည်။

မျက်မှောက်ကာလပညာရေးပြုပြင်ပြောင်းလဲမှုသည် ပညာသင်ကြားရုံ သက်သက်သာမဟုတ်ဘဲ လူ့ဘောင်လောက၌ ကြုံတွေ့နိုင်မည့် ပြဿနာများနှင့် စိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်မည့် ပညာအခြေခံများ ချထားပေးမှုမှာ ခေတ်နှင့်ဆီလျော်သည့် ပြောင်းလဲမှုဟုဆိုရမည်ဖြစ်သည်။

ကျောင်းသား ကျောင်းသူများ၏ အပြုသဘောဆောင်သောရှုမြင်မှု၊ မတွေးတောမှုနှင့်စိတ်ခံစားမှုတို့ကို အားပေးသည့် ရည်မှန်းချက်ပန်းတိုင်၏ မပင်မတန်ဖိုးများကို ဖော်ဆောင်ပေးနေသည်။ လူသားကောင်းမှု၊ အသင်းအဖွဲ့ ဖြင့်ဆောင်ရွက်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တီထွင်ဆန်းသစ်ဖန်တီးမှုတို့ဖြင့် မျက်မှောက်ကမ္ဘာကြီးအတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်မည့် အခွင့်အလမ်းများသည် ပင်မတန်ဖိုးများဖြစ်သည်။

သို့ဖြစ်ရာ အရည်အသွေးရှိသော ပညာရေးပြုပြင်ပြောင်းလဲမှုသည် နိုင်ငံ၏အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်ကို တည်ဆောက်နိုင်သဖြင့် အတိတ်၊ ပစ္စုပ္ပန်ကာလ မြန်မာနိုင်ငံ၏ ပညာရေးကို ထင်ဟပ်သုံးသပ်လျက် အနာဂတ်အတွက် ပညာရေးပြုပြင် ပြောင်းလဲမှုများကို အကောင်းဆုံးဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

ကြေးမုံ