ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

နေပြည်တော် ၁၃ မတ်

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညှိနှိုင်းချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေသည့် စာစစ်ဌာနများတွင် အောက်ပါ အချက်များ လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ COVID-19 ကြိုတင်ကာကွယ်ရေးအချက်များအား တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပသည့် ၁၁-၃-၂၀၂၀ ရက်နေ့ကစ၍ စာစစ်ဌာနများတွင် ဆောင်ရွက်လျက်ရှိပါသည်။

 

(၁) စာမေးပွဲ မစတင်မီ ကျောင်းသား/ကျောင်းသူများအား ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပွားနေမှု ရှိ/မရှိ မေးမြန်းရန်၊

 

(၂) ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရသော ကျောင်းသား/ကျောင်းသူများရှိပါက အဆိုပါ ကျောင်းသား/ကျောင်းသူများအား Surgical Mask နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြု၍ ဖြေဆိုစေရန် (သို့မဟုတ်) သီးခြားနေရာ သတ်မှတ်ပေး၍ စာမေးပွဲ ဖြေဆိုစေရန်၊

 

(၃) စာစစ်ဌာနများတွင် သီးခြားအခန်းတစ်ခန်း စီစဉ်ထားရှိစေ၍ ရောဂါလက္ခဏာ ခံစားနေရသော ကျောင်းသာ/ကျောင်းသူများအား ဖြေဆိုစေရန်နှင့် စာမေးပွဲခန်းစောင့် ဆရာ/ဆရာမများအားလည်း ရောဂါမကူးစက်နိုင်ရေး အလေးထား ဆောင်ရွက်စေရန်၊

 

(၄) ထိုသို့ ရောဂါလက္ခဏာများ ခံစားနေရသော ကျောင်းသား/ကျောင်းသူများရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့၍ ကုသမှုခံယူစေရန်၊

 

(၅) လက်ဆေးရန် ရေနှင့်ဆပ်ပြာများ၊ Hand Gel များ၊ Surgical Mask နှာခေါင်းစည်းများအား အလုံအလောက် ထားရှိပေး၍ စနစ်တကျအသုံးပြုရေး ကြီးကြပ်ပေးရန်၊

 

(၆) စာမေးပွဲခန်းအတွင်းရှိ စာပွဲများအား အနည်းဆုံး (၃)ပေခန့် ဝေးကွာအောင် ထားရှိဖြေဆိုစေရန်၊

 

(၇) စာမေးပွဲခန်းအတွင်းသို့ မဝင်ရောက်မီ ကျောင်းသား/ကျောင်းသူများအား Hand Gel များဖြင့် လက်သန့်စင်စေပြီးမှ ဝင်ရောက်စေရန်၊

 

(၈) စာမေးပွဲခန်းစောင့် ဆရာ/ဆရာမများ ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရပါက စာမေးပွဲခန်း မစောင့်စေဘဲ သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ သ တင်းပေးပို့၍ ကုသမှုခံယူစေရန်

 

(၉) စာမေးပွဲခန်းအား လေဝင်/လေထွက် ကောင်းစေရေး ဆောင်ရွက်ပေးရန်၊

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်နိုင်မည့် နည်းလမ်းများ

 

(၁) လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောပါ။

 

(၂) နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ပါ။ တစ်ရှုးအသုံးပြုပါက အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။ လက်ကို စနစ်တကျ ပြန်လည်ဆေးကြောပါ။

 

(၃) တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပါ။ အဟာရပြည့်ဝစွာ စားသုံးပါ။ ကောင်းစွာ အိပ်စက် အနားယူပါ။

 

Ref: Ministry of Education, Myanmar