ပညာရေးဝန်ကြီးဌာနကို Lock Down ချထားခြင်းမရှိ

နေပြည်တော်  ၈ ဧပြီ 

 

နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနကို Lock Down ချထားခြင်းမရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့တွင် ပြောကြားသည်။

 

ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာတွင် ပျံနှံနေသည့် ပညာရေးဝန်ကြီးဌာနမှ နေ့စားဝန်ထမ်းတစ်ဦး၌ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများတွေ့ရှိ၍ ၎င်းဝန်ကြီးဌာနကို Lock Down ချထားကြောင်း ရေးသားမှုများအပေါ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ပညာရေးဝန်ကြီးဌာနမှ နေ့စားဝန်ထမ်း အသက် ၆၅ ရှိ အမျိုးသားတစ်ဦးဟာ ဇမ္ဗူသီရိမြို့နယ်ရှိ နေအိမ်၌ နေထိုင်စဉ် ဧပြီ ၇ ရက် ည ၁၀ နာရီ ၅ မိနစ်အချိန်တွင် ဖျားနာ ချောင်းဆိုးလာတဲ့အတွက် နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့ပြီး လက်ရှိတွင် အထူးကူးစက်ရောဂါ ကုသဆောင်မှာ ကုသနေပါတယ်။ လူနာဖြစ်သူဟာ မူလကတည်းက အဆုတ်ရောင်ရောဂါရှိသူ ဖြစ်ပြီး အတိအကျသိရှိရအောင် သူ့ရဲ့ Swab Test ကို ရန်ကုန်ကို ပို့ထားပါတယ်။ ဒီကနေ့ (ဧပြီလ ၈ ရက်) ညပိုင်းတော့ ဓာတ်ခွဲအဖြေကို သိရပါမယ်။ ၎င်းရဲ့သမီး အသက် ၁၉ နှစ်ရှိသူဟာ လွန်ခဲ့တဲ့ ဧပြီလ ၄ ရက် ညနေ ပိုင်းမှာ ရန်ကုန်မြို့ကနေ နေပြည်တော်ကို ရောက်ရှိလာခဲ့တယ်လို့ သိရှိရပါတယ်” ဟု ပြောသည်။

 

ပညာရေးဝန်ကြီးဌာန၏ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “လက်ရှိကာလမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ ရုံးလုပ်ငန်းတွေကို ဝန်ထမ်းအင်အား အနည်းဆုံး၊ Video Conferencing , Online တို့နဲ့ အလုပ်မပျက် ဆောင်ရွက်နေကြောင်းကို ပညာရေးဝန်ကြီးဌာနက နိုင်ငံတော် သမ္မတရုံးကို တင်ပြထားပါတယ်။ ရုံးအမှတ်(၁၃)မှာ DG တစ်ချို့လည်း ရုံးတက်နေတုန်း ဖြစ်ပါတယ်။ စိတ်ချရ အောင်နဲ့ ရုံးပိတ်ရက် နီးကပ်နေတဲ့အတွက် မရှိမဖြစ်ဝန်ထမ်းကလွဲလို့ ကျန်တဲ့ဝန်ထမ်းတွေကို Home Stay နေခိုင်းထားကြောင်းနဲ့ Lock Down ချထားတာမဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရှိရပါတယ်။ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)က ဓာတ်ခွဲအဖြေထွက်ရှိမှုပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ရှင်းပြသည်။

 

ထက်လျှံ