ပညာသည် နိုင်ငံ့အကျိုးကို ဖန်တီးဖော်ဆောင်နိုင်

၂၉ ဒီဇင်ဘာ

 

မြန်မာနိုင်ငံသမိုင်းတွင် ပညာသည် နိုင်ငံလွတ်လပ်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ခဲ့သည်။ ပညာသည် အရာရာကိုအောင်မြင်အောင် ဖန်တီးဖော်ဆောင်နိုင်သည့် အရင်းအမြစ်ဖြစ်သည်။ ပညာသည် စာအမျိုးမျိုးတို့မှ ရရှိသော အသိအမြင်ဗဟုသုတများဖြစ်သည်။ ကျောင်းသင်ခန်းစာမှရရှိသော ပညာသာမက စာပေလောက အမျိုးမျိုးတို့မှ ရရှိသောပညာများကို ဆိုလိုသည်။

 

အသိပညာဗဟုသုတနှင့်ပတ်သက်၍ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားတွင် စာအုပ်ဖတ်ခြင်းသည် တန်ဖိုးမည်မျှရှိသည်၊ မရှိသည်ကို ပြော၍မရကြောင်း၊ မိမိအတွက်တော့ တန်ဖိုးရှိသည်ဟု ပြောချင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးမှာကျယ်သွားကြောင်း၊ အခြားတစ်ခုမှာ ကိုယ်ရဲ့ အတွင်းအင်အားကို ခိုင်မာလာအောင်၊ တိုးတက်လာအောင် စာဖတ်ခြင်းသည် များစွာအထောက်အကူ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

 

ဆက်လက်၍ စာအုပ်အလွန်စွဲသွားသူများမှာ စာအုပ်ဖတ်ချင်သည်။ စာအုပ်မရှိသည့်အခါ စာအုပ်ကို တမ်းတသည်။ ယင်းသည် စာအုပ်မြတ်နိုးသူများအနေဖြင့် စာအုပ်မရှိသည့်အခါတွင် ယခင်ဖတ်ခဲ့သည့် စာအုပ်များအကြောင်း ပြန်စဉ်းစားပြီးအားယူ၍ရကြောင်း၊ ငယ်စဉ်ကတည်းက စာအုပ်များကို ချစ်မြတ်နိုးသည့် စိတ်များ သန္ဓေတည်သွားလျှင် တစ်သက်လုံးစာဖတ်ခြင်းသည် မိမိအတွက် အကျိုးပြုနိုင်သလိုမိမိ ပတ်ဝန်းကျင်အတွက်လည်း သုံးတတ်သွားကြမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကလေးငယ်များငယ်စဉ်အရွယ်မှစ၍ မိဘများက အားပေးကြရန်၊ ထို့နောက် ဖတ်သည့်စာများကိုဆွေးနွေးသည့် အလေ့အကျင့်လုပ်ပေးရန်၊ ဖတ်ထားသည့် စာကိုသုံးသပ်နိုင်ရေး၊ ဆွေးနွေးတတ်ရေး၊ တစ်ဦးနှင့်တစ်ဦး အမြင်မတူသည်ကို ယဉ်ယဉ်ကျေးကျေးနှင့် ဆွေးနွေးနိုင်အောင် လမ်းညွှန်ပေးခဲ့ သည်။

 

စာဖတ်ခြင်းသည် အကျိုးကျေးဇူးများလှသည်။ စာအုပ်စာပေတို့ကို ငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲ ဖတ်ရှုခြင်းကြောင့် မိမိအတွက်သာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက်ပါ အကျိုးကျေးဇူးဖြစ်ထွန်းခဲ့သည်ကို လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မျိုးချစ်လူငယ်များစာအုပ်စာပေတို့ကို သဲသဲမဲမဲဖတ်ရှုခြင်းမှ ရရှိလာသော အကျိုးရလဒ်သည် အမျိုးသားလွတ်မြောက်ရေး၊ နိုင်ငံလွတ်လပ်ရေးအတွက် တွန်းအားများ ဖြစ်စေ ခဲ့သည်။

 

မြန်မာလူငယ်များသည် မိမိနိုင်ငံနှင့်သင့်လျော်မည့် ဝါဒလမ်းစဉ်ကို စာအုပ်ထဲတွင် အပတ်တကုတ် ရှာဖွေကြသည်။ ရရာနိုင်ငံရေးစာအုပ်များကို ဖတ်ကြသည်။ ထိုခေတ်ကစာအုပ်များမှာ ရှားပါးလှသဖြင့် ခက်ခက်ခဲခဲ ရှာဖွေရသည်။ တစ်အုပ်ကောင်းရလျှင် တစ်လက်မှတစ်လက်ပြောင်း၍ ဖတ်ရှုရသည်။ စာအုပ်ဆိုလျှင် ဆာလောင်မွတ်သိပ်စွာဖတ်ရှုကြသည်။ စာအုပ်ကောင်းတစ်အုပ်ရှိသည်ကြားလျှင် မရမက လိုက်လံရှာဖွေ ငှားရမ်းကြသည်။ ထမင်းအငတ်ခံကာစာဖတ်ကြသည်ဟု ဒို့ဗမာအစည်းအရုံးဝင် သခင်ကျော်စိန်၏ ပြောကြားချက်ကိုမှတ်သားဖူးသည်။

 

သို့ဖြစ်ရာ စာအုပ်စာပေ၏တန်ဖိုးမှာ ကြီးမားသည်။ နိုင်ငံလွတ်လပ်ရေးအတွက် မိမိတို့၏အသိအမြင် ကြွယ်ဝရေး၊ အကြားအမြင် ဗဟုသုတများရေး၊ စာအုပ်မှရရှိသောအသိအမြင်များဖြင့် ပိုမိုတိုးတက်သောအတွေး အမြင်များရရှိရေးစွမ်းဆောင်ပေးနိုင်ခဲ့သည်။ မျက်မှောက်ကာလတွင်လည်း လူငယ်လူရွယ်များအနေဖြင့် စာဖတ်ခြင်းဖြင့် အသိအမြင်ဗဟုသုတများ တိုးပွားကာ မိမိအကျိုး၊ နိုင်ငံ့အကျိုးကို တိုးတက်ဆောင်ရွက်နိုင်ပါစေ ကြောင်း ဆန္ဒပြုပါသည်။ ။(ကြေးမုံ)