ပြည်ကြီးတံခွန်မြို့နယ်တွင် စကားများရန်ဖြစ်စဉ် ခဲဖြင့်ဝိုင်းထု၍ သေဆုံးမှုမှ တရားခံများအား ဖမ်းဆီးအရေးယူ

နေပြည်တော် ၆ ဩဂုတ်


    
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ ငြိမ်းချမ်းသည် ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က နေအိမ်တွင်ရှိနေစဉ် ယောက်ဖဖြစ်သူ ရှပ်ကောင်(ခ)ခင်မောင်ထွန်းသည် ၅၈လမ်းနှင့် ကျန်စစ်သားလမ်းထောင့်ရှိ စားသောက်ဆိုင်တစ်ခုတွင် ပြဿနာတက်နေကြောင်း သိရ၍ သွားရောက်ကြည့်ရှုရာ ၎င်းမှာ အိမ်သာသွားသည့်လမ်းချောင်ထဲတွင် ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရပြီး ဆိုင်ဝန်ထမ်းများအား မေးမြန်းရာ ရှပ်ကောင် (ခ) ခင်မောင်ထွန်းနှင့် အနောက်ဘက်စားပွဲဝိုင်းရှိ လူ(၃)ဦးတို့ စကားများရန်ဖြစ်စဉ် တစ်ဦးမှာ ဆိုင်အပြင်သို့ ထွက်သွားပြီး ၎င်းနှင့်အတူ လူ(၇/၈)ဦးခန့် ဖြင့်ပြန်လည် ရောက်ရှိလာကာ ရှပ်ကောင် (ခ) ခင်မောင်ထွန်းအား ခဲဖြင့်ဝိုင်းထု၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း။


    
ရဲတပ်ဖွဲ့မှ တရားခံများအား ဖမ်းဆီးရမိရေးအတွက် အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ အခင်းဖြစ်ရပ်ရှိ CCTV မှတ်တမ်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် နယ်မြေအတွင်း သတင်းရယူ စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ည ၈ နာရီခန့်တွင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ် ကွက်နေ အောင်လင်းဦး တစ်ရပ်ကွက်တည်းနေ ကြည်လင်း(ခ) ကျော်ဇင်ထွန်းနှင့် သန်းထွန်း (ခ) ထွန်းကြီးတို့(၃)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း။
    


စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများမှာ ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကွက်သစ် (မြောက်)နေ ထက်မောင်မောင်၊ ငယ်လေး(ခ)အောင်ကျော်ထူး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (စ)ရပ်ကွက်နေ  ရာဇာတိုး(ခ)အောင်မြင့်မြတ်၊ လင်းခန့်နိုင်၊ (ဆ)ရပ်ကွက်နေ ကိုထက်(ခ)မောင်မောင်ထက်၊ ငွေတော်ကျီကုန်းရပ်ကွက်နေ ဖြိုးမောင် (ခ) ရပ်ပါကုလား၊ (င)ရပ်ကွက်နေ ညီဇော်ထက်တို့ဖြစ်ကြောင်း သိရှိရပြီ ၎င်းတို့(၇)ဦးအား သြဂုတ် ၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သောကြောင့် အမှုဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

ရဲပြန်ကြား