ပြည်ကြီးတံခွန်မြို့နယ်တွင် ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲကျင်းပ

မန္တလေး   ၁၁   အောက်တိုဘာ


ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ အ.ထ.က(၃၂) ကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဆွေဆွေစန်းက ကျောင်းပြင်ပမူလတန်းပညာရေးဆောင်ရွက်နေမှု ရှင်းလင်းပြောကြားသည်။


ထို့နောက် ကျောင်းပြင်ပမူလတန်းပညာရေး လုပ်ငန်းများအတွက် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။


၄င်းနောက် ပြည်ကြီးတံခွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော်က ကျောင်းပြင်ပမူလတန်းပညာရေး အခြေစိုက်စခန်း ကြီးကြပ်မှုကော်မတီဥက္ကဌများကို တာဝန်ပေးအပ်လွှာများ ပေးအပ်သည်။


ယင်းနောက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် ကျောင်းပြင်ပမူလတန်းပညာရေးမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား/သူများနှင့် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ရာ ကျောင်းသူ မလှိုင်လှိုင်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက် ကျောင်းပြင်ပမူလတန်းပညာရေးမှ ဆရာ/မများက ကလေးများအတွက် ဒီနေ့ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းပြင်ပမူလတန်းပညာရေးမှ ဆရာ/များနှင့်ကျောင်းသား/သူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


သန်းဇော်မင်း(ပြန်/ဆက်)