ပြည်ကြီးတံခွန်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပြည်ကြီးတံခွန်  ၁  အောက်တိုဘာ

 

မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်အသီးသီးရှိ စုရပ်များတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“ပြည်ကြီးတံခွန်မြို့နယ်မှာ ရပ်ကွက်(၁၈)ရပ်ကွက်ရှိပါတယ်။ ကာကွယ်ဆေးထိုးတဲ့စုရပ်က (၄၅)ခုရှိပါတယ်။ လျာထား စာရင်းများအရ မြို့နယ်အတွင်းမှာ အသက်နှစ်နှစ်အောက် ကလေးငယ် ငါးထောင်လေးရာနီးပါးရှိပါတယ် ထပ်တိုးလာ တာလည်း ရှိနိုင်ပါတယ်။  မြို့နယ်အတွင်းမှာကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများအား အသက်အရွယ်အလိုက် ပြင်းထန်တီဘီ(BCG)၊ပိုလီယို၊ အသည်းရောင် အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက်ရောင်  အစရှိသော ရောဂါကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးလျက်ရှိကြောင်း  သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)