ပြည်မြေပဲဆံဈေးနှုန်း ယခင်နှစ်ထက်ပိုလာ

ဇူလိုင် ၂၀

 

ပြည်ခရိုင်တွင် ဇွန်၊ ဇူလိုင်လမှ စတင်၍ မိုးမြေပဲများ စတင်စိုက်ပျိုးရာ စိုက်ဧက ၁၅၀၀ စိုက်ပျိုးပြီးစီး၍ မိုးမြေပဲများမှာ လာမည့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်ထွက်ပေါ်လာမည် ဖြစ်သည်။

 

ယခုအချိန် ပြည်ဈေးကွက်သို့ ကံမဘက်မှ ဝင်ရောက်လျက်ရှိကာ တစ်နေ့လျှင် အိတ် ၁၅၀ ခန့်သာ ဝင်ရောက်ပြီး ဝင်ရောက်လာသော မြေပဲဆံများကို ဆီစက်သမားများနှင့် ပဲကြော်၊ ပဲလှော်သမားများက ဝယ်ယူမှုရှိသဖြင့် ပြည်ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ 

 

ယခင်နှစ် ဇူလိုင်လ (ဒုတိယပတ်) တွင် မြေပဲဆီဆံ (အဖြူ၊ အနီ) တစ်ပိဿာလျှင် ၄၂၀၀ ကျပ်၊ လုံးဆံ (အဖြူ၊ အနီ) တစ်ပိဿာလျှင် ၄၄၀၀ ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ (ဒုတိယပတ်) တွင် မြေပဲဆီဆံ (အဖြူ) တစ်ပိဿာ လျှင် ၆၃၀၀ ကျပ်၊ (အနီ) တစ်ပိဿာလျှင် ၇၀၀၀ ကျပ် ဈေးအထိ မြင့်တက်လာသောကြောင့် ယခင်နှစ်ထက် မြေပဲဆံဈေးမှာ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့သည်။ လုံးဆံ ဈေးမှာလည်း (အဖြူ) တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ (အနီ) တစ်ပိဿာလျှင် ၈၅၀၀ ကျပ် ရောင်းချသဖြင့် ယခင်နှစ်ထက် တစ်ပိဿာကို ၄၀၀၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

 

မြေပဲဆီဈေးနှုန်းမှာ ယခင်နှစ် ဇူလိုင်လ (ဒုတိယပတ်) တွင် တစ်ပိဿာလျှင် ၉၅၀၀ ကျပ်ရရှိခဲ့ပြီး ယခုနှစ် ဇူလိုင်လ (ဒုတိယပတ်) တွင် တစ်ပိဿာလျှင် ၁၃၅၀၀ ကျပ်ဖြင့် တစ်ပိဿာကို ၄၀၀၀ ကျပ်အထိ စျေးများမြင့်တက်လာခဲ့သည်။

 

Myanmar Digital News (MDN)
Credit - စားသုံးသူရေးရာဦးစီးဌာန(ပဲခူး)