ပြည်မြို့နယ်၌ လယ်ယာသုံး စက်ကိရိယာ ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

ပြည် ၂၀ နိုဝင်ဘာ 

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စက်မှု လယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့်  ''လယ်ယာသုံး စက်ကိရိယာ ပြုပြင်ထိန်းသိမ်းခြင်း'' သင်တန်း ကို ပြည်မြို့နယ် စက်မှု လယ်ယာဦးစီးဌာနရုံး သင်တန်းခန်းမ၌ ယနေ့နံနက် ၁၀နာရီက ဖွင့်လှစ်ခဲ့သည်။

 

၂

 

အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦး ကကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက် ဒေသများတွင် မိသားစုဝင်ငွေ တိုးပွားရေးကိုအထောက်အကူပြုစေရန် ရည်ရွယ်၍ သက်မွေး သင်တန်းများကို ဖွင့်လှစ် ပေးလျက်ရှိပါကြောင်း၊ ကျေးရွာများ၌ လယ်ယာလုပ်ငန်းခွင် ဆောင်ရွက် ရာတွင် အထောက်အကူပြုစေရန်၊ စက်ကိရိယာများ အားကိုယ်တိုင်မောင်းနှင်နိုင်ပြီး ကိုယ်တိုင် ပြုပြင် နိုင်စေရန် နည်းပညာများသင်ကြားပေး သွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာအကျိုး မိမိအကျိုးအတွက် ပို့ချမည့်သင်ခန်းစာများ အားကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ခရိုင်စက်မှုလယ်ယာဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးလှမြိုင် က မြန်မာနိုင်ငံ အနေဖြင့် စိုက်ပျိုးရေး အခြေခံသည့် တိုင်းပြည်ဖြစ်ပါ၍ လယ်ယာလုပ်ငန်းများကို တိုးချဲ့စိုက်ပျိုး သွားကြရန်၊ သီးနှံအထွက်တိုး စေရန်အတွက် လက်မှုလယ်ယာမှ စက်မှု လယ်ယာအဖြစ်သို့ တိုးချဲ့၍ စက်ကိရိယာများ ကို ကိုယ်တိုင်သုံးစွဲမောင်းနှင်နိုင်စေရန် စက်မှုလယ်ယာ ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာလုပ်ငန်းခွင်အတွင်း လယ်ယာသုံး စက်ကိရိယာများ ကိုယ်တိုင်မောင်းနှင်၍ သီးနှံများအထွက်တိုးအောင် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများကို ရည်ရွယ်ချက် ကြီးကြီးမားမားဖြင့် ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦး၊ ပြည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမြိုင်၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၂၀ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၃၀ ရက်ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ