ပြည်နယ်အဆင့် ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းအစုလိုက်တိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲ  ဟားခါး၌ ကျင်းပ

ဟားခါး     ၂၃   သြဂုတ်    
    

ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှကြီးမှူး၍ ပြည်နယ်အဆင့်ဒေသအလိုက် ပိုလီယို ကာကွယ်ဆေးအပိုဆောင်းအစုလိုက်တိုက်ကျွေးခြင်းလုပ်ငန်း Sub-NID အသိပေးဆွေးနွေးပွဲ အခမ်းအနားကို သြဂုတ်၂၂ ရက် နံနက် ၈ နာရီခွဲက ဟားခါးမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန်က အမှာစကား ပြောကြားရာ ယခုကာလသည် ချင်းပြည်နယ်တွင် မိုးများသောအချိန်ကာလဖြစ်သည့်အပြင် လမ်းသစ်ဖောက်လုပ်ခြင်း၊ လမ်းများပြုပြင်ခြင်း၊ မိုးရွာခြင်းကြောင့် လမ်းများပျက်စီးခြင်းတို့ကြောင့် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးသည့်အချိန်တွင် အခက်အခဲများကြုံတွေ့နိုင်သောကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးနှင့်သက်ဆိုင်သော NGO/INGO များကလည်း ကျန်းမာရေးဝန်ထမ်းများ၏ လိုအပ်သောအခန်းကဏ္ဍများမှာ ပူးပေါင်းပါဝင်ပေးစေလိုကြောင်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ ဖြစ်ပွားမှုလျော့နည်းပပျောက်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။


ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေး၊ ကုသရေးဉီးစီးဌာနမှူး ဦးအောင်ငွေစံက ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ တိုးချဲ့ ကာကွယ်ရေးနှင့် အထူးရောဂါနှိမ်နှင်းရေးဌာနခွဲမှအဖွဲ့ခေါင်းဆောင် ဒေါက်တာဖွေးဖွေးက ပြည်နယ်အဆင့် ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းအစုလိုက်တိုက်ကျွေးခြင်းလုပ်ငန်း Sub-NID ဆိုင်ရာ အသိပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ  ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း အစုလိုက်တိုက်ကျွေးခြင်းလုပ်ငန်းကို သြဂုတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးတွင် တစ်ပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။


MDN

 

2.2