ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား (၄၁)ဦး ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း ၄ ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ၏ ကြီးကြပ်ညှိနှိုင်းမှုဖြင့် နေရပ်ပြန်မြန်မာအလုပ်သမား အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၄၁ ဦး ယမန်နေ့ညနေပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ကြရာ ယနေ့အထိ ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမား ၉၇၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ 

 

ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအား ကော့သောင်း ခရိုင်နှင့် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများက ရောဂါသံသယရှိသူများနှင့် ကူးစက်ခံရသူများ ပါဝင်လာခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံသားမဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ စစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

 

ပြန်လည်ဝင်ရောက်လာသူများကို ကော့သောင်းမြို့ရှိ Facility Quarantine Center များတွင် Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် ဆက်လက်ထားရှိစောင့်ကြည့်ပြီး Swab နမူနာများအား အမျိုးသားကျန်းမာရေးဌာနသို့ ပေးပို့ပြီး ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)