ပြည်ပ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများနှင့်  မြန်မာနိုင်ငံသားများအား  ပြန်လည်ခေါ်ဆောင်

နေပြည်တော် ‌ ၃၁  အောက်တိုဘာ 


 
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ကိုရီးယား သမ္မတနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈  နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ  ပြန်လည် ရောက်ရှိကြသည်။

 

အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ  ၉၂ ဦး၊ တောင်အာဖရိကမှ  ၁၂ ဦး၊ စပိန်မှ ၁ ဦး၊ ကာတာမှ ၁ ဦး၊ မြန်မာသင်္ဘောသား စုစုပေါင်း  ၁၀၆ ဦး တို့ လိုက်ပါခဲ့ကြသည်။

 

ထို့ပြင် အိုမန်၊ ဘာရိန်းနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ရီယာဒ်မြို့မှ စီစဉ်သည့် ၁၂ ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ  ယနေ့  ၁၀  နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် မြန်မာသင်္ဘောသား  ၁၅၁ ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း  ၁၇၁ ဦး လိုက်ပါခဲ့ကြသည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ 

 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ သင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်