ပြည်ပပို့ကုန် ဂဏန်းရေရှည်ထုတ်ယူ သုံးစွဲနိုင်ရန် ပြန်လည်ဖြည့်တင်းနိုင်မည့် သဘာဝဘေးမဲ့ဇုန်များ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေ

ရခိုင်ပြည်နယ်၊ မတ် ၂၈

ပြည်ပပို့ကုန် ဈေးကွက်ရရှိထားသော ဂဏန်းနှင့်ဂဏန်းပျော့ ထုတ်လုပ်မှုဖြင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းရရှိလျက်ရှိရာ ဂဏန်းအများဆုံး ထွက်ရှိရာ ရခိုင်ပြည်နယ်အတွင်း၌ ဂဏန်းသယံဇာတ ရည်ရှည်ထုတ်ယူသုံးစွဲနိုင်ရန် ပြန်လည် ဖြည့်တင်းနိုင်မည့် သဘာဝဘေးမဲ့ဇုန်များ ဖော်ဆောင်နိုင်ရေး ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သဘာဝနယ်မြေတွင် ၈၀ ဂရမ်အောက် ဂဏန်းများကို ဖမ်းဆီးသယ်ဆောင်ခွင့် တားမြစ်ထားပြီး ဂဏန်းဝယ်ယူသည့် ကုမ္ပဏီများကလည်း ငါးလုပ်ငန်းဦးစီးဌာန၏   သတ်မှတ်စံချိန်နှင့် ကိုက်ညီမှုမရှိသည့် ဂဏန်းများကို ဝယ်ယူခြင်းမရှိသော်လည်း ဖမ်းဆီးရောင်းချသူတို့အနေဖြင့် အခြား ဈေးကွက်များသို့ ရောင်းချလေ့ရှိရာ ထိုဒေသ၏ လူမှုစီးပွားရေးအတွက် လာမည့် (၁၀) နှစ်အတွင်း ဂဏန်းသယံဇာတ လျော့နည်းရှားပါးမှုကို ဖြစ်ပေါ်လာစေနိုင်သည်။ ထိုသို့ လျော့နည်းရှားပါးမှုကို ကြိုတင်ကာကွယ်နိုင်ရန် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက လုပ်ငန်းရှင်များ၊ လူမှုရေး အထောက်အကူပြု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကုမ္ပဏီများက ပယ်သော ဂဏန်းငယ်များအား ဘေးမဲ့ဇုန်နယ်မြေအတွင်းသို့ ပြန်လွှတ်ပေးနိုင်ရန်နှင့် သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်ရှိ ဂဏန်းဘေးမဲ့ဇုန်ကဲ့သို့သော   သဘာဝဘေးမဲ့ ဧရိယာများ သတ်မှတ်ထားရှိနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

“ပြည်ထောင်စုဝန်ကြီးရဲ့ ခရီးစဉ်မှာလည်း ဂဏန်းသယံဇာတရေရှည် ထိန်းသိမ်းနိုင်ဖို့ လမ်းညွှန်ထားတာရှိတယ်။ လတ်တလော ဝယ်လိုအားရှိပေမယ့် သယံဇာတကိုပြန်ပြီး ဖြည့်တင်းထားမှု မရှိဘူးဆိုရင် သယံဇာတတွေ လျှော့နည်းဆုံးရှုံးနိုင်တယ်။ လက်ရှိ ဂဏန်းဘေးမဲ့ဇုန်နည်းနေသေးတဲ့အတွက် ဆက်လက်ဖော်ဆောင်ဖို့ လမ်းညွှန်ခဲ့တာကြောင့် ပြည်နယ်အစိုးရ၊ ငါးလုပ်ငန်းဦးစီးဌာနနဲ့ ဒေသခံလုပ်ငန်းရှင်တွေ တွေ့ဆုံပြီး ရေရှည်သယံဇာတတွေ ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်ဖို့ညှိုနှိုင်းဆောင်ရွက် နေပါတယ်” ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးသက်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တစ်ဝန်း သံတွဲ၊ စစ်တွေနှင့် ကျောက်ဖြူခရိုင်တို့မှ ဂဏန်းအများဆုံး ထွက်ရှိလျက်ရှိရာ အဆိုပါဒေသတို့မှ အေးခဲစက်ရုံများဖြင့် ဂဏန်းပျော့ ထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိသည်။

ရခိုင်ပြည်နယ်နည်းတူ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ရေချို၊ ရေငန်စပ်တို့မှ ဈေးကွက်ဝင် မြန်မာ့ဂဏန်းများ သဘာဝနယ်မြေတို့တွင် ရှင်သန်လျက်ရှိပြီး ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည်။ ရခိုင်ပြည်နယ်မှထွက်ရှိသော ဂဏန်းပျော့များအား တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ EU နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ဧရာဝတီတိုင်း‌ဒေသကြီးမှ ထွက်ရှိသော ဂဏန်းများကို ရန်ကုန်မြို့သို့ တိုက်ရိုက်တင်ပို့လေ့ရှိကာ ဧရာဝတီတိုင်းဒေသကြီးတွင် အေးခဲစက်ရုံ မရှိသောကြောင့် ဂဏန်းအရှင်များကို ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်ပဈေးကွက်ရရှိထားသော ရခိုင်ပြည်နယ်မှ ဂဏန်းပျော့ကို နေ့စဉ် ထုတ်ယူသုံးစွဲရာတွင် သယံဇာတမျိုးဆက်ပြတ်မှု မရှိစေရန်နှင့် ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရန်  ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြန်လည်ဖြည့်တင်းနိုင်မည့် သဘာဝ ဂဏန်းဘေးမဲ့ဇုန်များ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး

ညိမ်းသူ( သတင်းစဉ်)