ပြည်ပသို့ ကျွဲ၊ နွားတင်ပို့မှု တရားမဝင်ဈေးကွက် မြင့်တက်လျက်ရှိ

ရန်ကုန်၊  ၁၈  ဒီဇင်ဘာ

 

ပြည်ပသို့ ကျွဲ နွားတင်ပို့မှု တရားမဝင်ဈေးကွက် မြင့်တက်လျက်ရှိကြောင်း မန္တလေးတိုင်း ကျွဲ၊ နွား တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင် က ပြောသည်။

 

လက်ရှိ တရားဝင် ကျွဲ၊ နွား တင်ပို့မှုထက် တရားမဝင် တင်ပို့မှုမှာ နှစ်ဆ သုံးဆခန့် မြင့်တက်နေကြောင်း၊ ထိုသို့ တရားမဝင် တင်ပို့နေသောကြောင့် နိုင်ငံအတွက် အခွန်ငွေများ ဆုံးရှုံးလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

“ဝန်ကြီးဌာနတွေနဲ့လည်း ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးနေပါတယ်၊ ဒီဘက်က တရားဝင်သွားတဲ့ဟာ ပုံမှန်ကောင်းတယ်ဆိုရင် တရားမဝင်က တဖြည်းဖြည်း လျော့သွားမှာပါ” ဟု ဦးစိုးနိုင် က ပြောသည်။

 

လက်ရှိ ဗန်းမော် လွယ်ဂျယ်တစ်ဝိုက်၊ မိုင်းလား၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် မူဆယ် နာမ်ပေါင်ဘက်တို့တွင် ကျွဲ၊ နွားများ တရားမဝင် တင်ပို့လျက်ရှိကြောင်း မန္တလေးတိုင်း ကျွဲ၊ နွားတင်ပို့ ရောင်းချသူများအသင်းထံမှ သိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကျွဲ၊ နွားများ ပြည်ပသို့ တရားမဝင် တင်ပို့ခြင်းကို တရားဝင်လမ်းကြောင်းပေါ် ရောက်လာစေရန်နှင့် မွေးမြူရေး တောင်သူများ ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေပြီး တောင်သူများ စီးပွားရေး ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ကျွဲ၊နွား အရှင်များကို ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှစကာ ပြည်ပသို့ တရားဝင်တင်ပို့ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

သို့သော် လက်ရှိ မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်သို့ တရားဝင်တင်ပို့ရန် ကုမ္ပဏီ ၁၅ဝ ခန့်မှ ကျွဲ၊ နွားအကောင်ရေ ၁၅ဝဝဝ ခန့် မူဆယ်နယ်စပ်တွင် ရောက်ရှိနေပြီး တရုတ်အဝယ် မရှိသဖြင့် တင်ပို့၍ မရကြောင်း၊ သို့ဖြစ်၍ မူဆယ်နယ်စပ်တွင် ကျွဲ၊ နွား များအတွက် အစာစရိတ်ကြီးမြင့်မှုအပြင် ၎င်းတို့အား အစာကျွေးမွေးရန် လူငှားစရိတ်တို့ကြောင့် မူဆယ်တွင် ပိတ်မိနေသည့် ကျွဲ၊ နွားကုမ္ပဏီများအနက် ကုမ္ပဏီ ၇ဝ ခန့်မှာ မူလနေရာသို့ပြန်ရန် မန္တလေးတိုင်းဒေသကြီး ကျွဲ၊ နွားတင်ပို့ရောင်းချသူများ အသင်းထံ တင်ပြထားသည်။

 

လက်ရှိ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ကျွဲနွားများကို ဝယ်ယူရာတွင် လျှာနာခွာနာ အပါအဝင် ရောဂါ အမျိုး ၂ဝ ဝန်းကျင်အထိ စိစစ်ပြီးမှသာ တင်သွင်းခွင့်ပြုသောကြောင့် သက်ဆိုင်ရာ နှစ်ဖက်တာဝန်ရှိသူများ ညှိနှိုင်းနေကြခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

 

သို့ဖြစ်ကာ ယခင်က တစ်နေ့လျှင် မူဆယ်မှ တရုတ်နိုင်ငံသို့ ကျွဲနွားအကောင်ရေ ၁၅ဝဝ မှ ၂ဝဝဝ ဝန်းကျင်အထိ အရောင်းအဝယ်ရှိနေသော်လည်း ယခုအခါ ကိုဗစ်-၁၉ အပါအဝင် အခြားသော အချက်များကြောင့် တရုတ်နိုင်ငံမှ ကျွဲနွားဝယ်ယူမှု သုံးလခန့် ရပ်ဆိုင်းနေကြောင်း ဦးစိုးနိုင် က ဆက်ပြောသည်။

 

လက်ရှိ တရုတ်နိုင်ငံ၏ ကျွဲနွား ဝယ်ယူမှုမှာလည်း ဝယ်လိုအားနည်းပြီး မြန်မာပြည်ဘက်မှ ရောင်းလိုအားများခြင်းကြောင့် ဈေးနှိမ်ခံရမည်ကို စိုးရိမ်ကြောင်း၊ တခြားနိုင်ငံများဖြစ်သည့် လာအို၊ ထိုင်း၊ မလေးရှား၊ ဘဂ်လားဒေ့ရှ် နိုင်ငံတို့မှ ဝယ်ယူမည့် ဈေးကွက်ရှိသော်လည်း တရုတ်နိုင်ငံက ပေးသည့် ဈေးကွက်ကို မမီကြောင်း ၄င်းက ဆက်ပြောသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း ကျွဲ နွား ကုန်သည်များအား ပါမစ်ခွင့်ပြုပေးရာတွင် သုံးလသက်တမ်းဖြင့် ကုမ္ပဏီ တစ်ခုလျှင် ကျွဲ၊ နွား ကောင်ရေ ၁ဝဝ သတ်မှတ်ကာ တင်ပို့ ရောင်းချခွင့်ပေးထားပြီး ယင်းသက်တမ်း သုံးလအတွင်း မရောင်းချပါက အရေးယူခြင်း ခံရနိုင်မည်ဖြစ်သည်။

 

လက်ရှိ မြန်မာနိုင်ငံမှ နှစ်စဉ် ကျွဲ၊ နွား တင်ပို့မှုမှာ အကောင်အရေအတွက် ၅ဝဝဝဝဝ ဝန်းကျင်ရှိကြောင်း မန္တလေးတိုင်း ကျွဲနွားတင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

 

ငြိမ်းငြိမ်း