ပြည်ပသို့ သစ်ခွဲသားများနှင့် သစ်အချောထည်များ တင်ပို့ရာတွင် အခွန်လျှော့ပေါ့ပေးရန် သစ်လုပ်ငန်းရှင်များ တောင်းဆို

၉ မေ

 

ပြည်ပသို့ သစ်ခွဲသားများနှင့် သစ်အချောထည်များ တင်ပို့ရာတွင် အခွန်လျှော့ပေါ့ပေးရန် မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်းက တောင်းဆိုလိုက်သည်။

 

သစ်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ သစ်ခွဲသားများနှင့် သစ်အချောထည်များ တင်ပို့ရာတွင် အထူး ကုန်စည်ခွန် ၁၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်ခွန် ၂ ရာခိုင်နှုန်း ပေးဆောင်နေရကြောင်း မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူးဖြစ်သူ၊ Royal River Trading ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးအေးမင်းကျော် က ပြောသည်။

 

"အခွန်တော့ နည်းနည်းများတာပေါ့၊ သူက အထူးကုန်စည်ခွန်ထဲမှာ ပါတယ်၊ အထူးကုန်စည်ခွန် ၁၀ ရာခိုင်နှုန်း ဆောင်ရတယ်၊ ကျန်တဲ့ဟာတွေက အကုန်အဆင်ပြေပါတယ်၊ နောက် ကုန်သွယ်ခွန် ၂ ရာခိုင်နှုန်းကတော့ အခုလောလောဆယ် COVID-19 ကြောင့် ခဏ နားထားတယ်၊ နားထားတော့ ၂ ရာခိုင်နှုန်းကတော့ ဆောင်စရာမလိုတော့ဘူးပေါ့၊ အထူးကုန်စည်ခွန် ၁၀ ရာခိုင်နှုန်းကိုတော့ နည်းနည်းပါးပါး ထပ်လျှော့ပေးရင်တော့ အဆင်ပြေတာပေါ့"ဟု ဦးအေးမင်းကျော် က ပြောသည်။

 

လက်ရှိ သစ်ခွဲသားများနှင့် သစ်အချောထည်များကို ဉရောပ၊ အမေရိကန်နှင့် အာရှနိုင်ငံများမှ  အဓိက ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင်လည်း လိုအပ်သည့် စာရွက်စာတမ်းများ ထုတ်ပေးရန် အတွက်  ယခင်က အခက်အခဲရှိသော်လည်း နောက်ပိုင်းတွင် မြန်မာ့သစ်လုပ်ငန်း( MTE )က  ထုတ်ပေးသည့်အပြင် ကြားခံ Third Party များဖြင့် ဆောင်ရွက်လာသောကြောင့် အဆင်ပြေလာကြောင်း မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

"နိုင်ငံခြားကလည်း ဗမာကျွန်းသစ်ကို စိတ်ဝင်စားကြတယ်၊ Europe ကလည်း ဒီက ဗမာကျွန်းသစ်က ဆားငံရေ အထိခံတယ်၊ ဆားငံရေ အထိခံတော့ ဒီဘက်က သစ်ကိုဘဲ စိတ်ဝင်စားတယ်၊ ဒါကြောင့် ကျွန်တော်တို့ပို့နေတာ၊ သူတို့လိုအပ်တဲ့ စာရွက်စာတန်းကိုလည်း ကျွန်တော်တို့က ပထမတုန်းကတော့ စာရွက်စာတန်း အခက်အခဲရှိတယ်၊ နောက်ပိုင်းကျတော့ မြန်မာ့သစ်လုပ်ငန်း( MTE )က လိုအပ်တဲ့ စာရွက်စာတန်းတွေ ထုတ်ပေးတယ်၊ နောက်ပြီးကျတော့ Third Party ဆိုတာ တစ်ခုရှိတယ်၊ Third Party ကြားခံထားတယ်၊ Third Party ကြားခံထားပြီးတော့ Third Party က Certificate ကို ထုတ်ပေးလိုက်တယ်၊ ထုတ်ပေးလိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အဆင်ပြန်ပြေသွားတယ်"ဟု ဦးအေးမင်းကျော် က ပြောသည်။

 

မြန်မာနိုင်ငံအနေဖြင့်  ၂၀၁၄ ဧပြီလဆန်းမှစ၍ သစ်လုံးတင်ပို့မှုကို ရပ်ဆိုင်းထားပြီး အစိုးရမှ သစ်လုံးများကို ပြည်တွင်း၌ပင် တင်ဒါစနစ်ဖြင့် ရောင်းချကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် ပြည်တွင်း၌ ခွဲစိတ်ပြီး ခွဲသားများကို နိုင်ငံခြားသို့ တင်ပို့ကြကြောင်း၊ သို့ဖြစ်၍ သစ်ခွဲစက်ရုံများ လည်ပတ်နိုင်ပြီး ပြည်တွင်းလုပ်သားများအတွက်လည်း အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း Royal River Trading ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးအေးမင်းကျော် က ဆက်ပြောသည်။

 

"သစ်လုံးတင်ပို့မှု ရပ်မှ အဆင်ပြေမှာ၊ မဟုတ်ရင် အလုံးက အများကြီး ထွက်သွားမှာ၊ ထွက်သွားရင် ဒီမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းသွားမှာ၊ အခုကျတော့ ကျွန်တော်တို့လည်း အလုပ်လုပ်ရတာ ပိုအဆင်ပြေတယ်"ဟု ၎င်းက ထပ်မံပြောကြားသည်။

 

ပြီးခဲ့သည့် မေ ၇ ရက်ကလည်း Royal River Trading ကုမ္ပဏီမှ ကျွန်းသစ်ခွဲသား ၁၇ တန်(ကွန်တိန်နာတစ်လုံး)ကို ကနေဒါနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် ကျွန်းသစ်နှင့် ပျဥ်းကတိုးသစ်များကို နိုင်ငံခြားသို့ အများဆုံးတင်ပို့ပြီး လက်ရှိ သစ်ခွဲသားများနှင့် သစ်အချောထည်များအား ပြည်ပအဝယ်ရှိသည့်အပြင် ပြည်တွင်း၌လည်း ပါကေး၊ တံခါး၊ ကျည်းဘောင် စသည့်စျေးကွက်များလည်း ပြန်လည်အသက်ဝင်လာကြောင်း မြန်မာနိုင်ငံ သစ်တော ထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် MEITI ( Myanmar Extractive Industries Transparency Initiative)၏ ၂၀၁၇- ၂၀၁၈ အစီစဉ်ခံစာအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သစ်တန်ချိန် ၃၄၀၄၂၈ တန် ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ  ၂၂၃ မီလီယံ ရရှိကာ ယင်းအနက် အမေရိကန်ဒေါ်လာ ၁၃၇ ဒဿမ ၆၉ မီလီယံကို Export တင်ဒါတွင် ရောင်းချခဲ့ပြီး ကျန် ၈၅ ဒဿမ ၃၁ မီလီယံ ကို Local တင်ဒါတွင်ရောင်းချခဲ့ကြောင်း သိရသည်။

 

ထို့ပြင် Timber Exports သစ်ခွဲသားများမှ အမေရိကန်ဒေါ်လာ ၈၈ မီလီယံရရှိပြီး အိန္ဒိယသို့ ၃၇ ရာခိုင်နှုန်းဖြင့် အများဆုံး တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

 

လက်ရှိ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်းတွင် အသင်းသား ၃၀၀၀ ကျော်ရှိပြီး ယင်းအနက် သက်တမ်းရှိသည့် အသင်းဝင် Active Members  ၃၀၀ ကျော်ရှိကြောင်း၊ ထို့ကြောင့် အသင်း၏ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပနိုင်ရေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဖွဲ့စည်းပြင်ဆင်နေကာ အသင်းသားအားလုံး ပါဝင်နိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ညှိနိူင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း