ပြည်သူအခြေပြု တီဘီရောဂါတိုက်ဖျက်ရေး စီမံချက် သုံးလပတ် မြို့နယ်အဆင့် ဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း MyanmarHealth Assistant Association (MHAA) က United State Agency International Development(USAID) ထောက်ပံ့ငွေဖြင့်  Challenge TB စီမံချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော Quarterly Coordination Meeting for Extending TB Services to Hard to Reaches Areas ၏ ပြည်သူအခြေပြု တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီခွဲက ကလေးမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင် အတွင်းရေးမှူး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစိုင်းလှမျိုးက အဖွင့်အမှာစကား ပြောကြားပြီး  တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်း စီမံချက်အရာရှိ ဒေါ်ခင်မာဖြိုးက သုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆိုင်ရာ အားသာချက်၊ အားနည်းချက်များနှင့် ရလဒ်များအား သုံးသပ်ပြီး မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်း၏ လုပ်ငန်းစဉ် ဆောင်ရွက်မှုများနှင့် စီမံချက်များ၊ အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို  Power Point ဖြင့် အသေးစိတ်ရှင်းလင်းသည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တီဘီတိုက်ဖျက်နှိမ်နင်းရေးဌာန အဖွဲ့ခေါင်းဆောင်၊ ဓာတ်ခွဲဌာန၊ ဓာတ်မှန်ဌာန၊ တီဘီဆေးထုတ်ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား ၃၀ ကျော်တို့ တက်ရောက်ကြပြီး တက်ရောက်သူများ၏ ဝေဖန်အကြံပြုချက်များအပေါ် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

ကလေးမြို့တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(MHAA) ကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အတူ စတင်ရုံးစိုက်ခဲ့ပြီး ယနေ့အချိန်အထိ မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူ ၆၇၈၀၆ ဦးတို့အား ကျန်းမာရေးအသိပညာပေးနိုင်ခဲ့ကာ တီဘီသံသယလူနာ ၄၃၁၃ ဦးတို့အား တီဘီရောဂါ ရှိ/မရှိ စစ်ဆေးခြင်းနှင့် တီဘီလူနာ ၄၀၂ ဦးတို့အား ဆေးကုသမှု ခံယူနိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဆလိုင်းဟာလိန်း