ပြည်သူ့အကျိုးစီးပွားသာ ပဓာန

နေပြည်တော် ၂ မေ

ယနေ့ ရန်ကုန်မြို့သည် တဖြည်းဖြည်းချင်း မွန်းသိပ်ကျပ်ညပ်လာသည့်၊ မနိုင်ဝန်ကို ထမ်းနေရသည့် လက္ခဏာများကို တစ်စတစ်စ တွေ့မြင်လာ နေရသည်။

အထူးသဖြင့် တစ်နေရာမှ တစ်နေရာသို့ ကူးသန်းသွားလာရာတွင် ခရီးရောက်ရန် လိုအပ်သည့် အချိန်အတိုင်းအတာထက် လမ်းများပေါ်တွင် ကုန်ဆုံးရသည့်အချိန်က အလွန်များလာနေသည်။

အလုပ်လုပ်ရန်၊ အနားယူရန် အချိန်များတွင် လျှပ်စစ်မီးမလုံလောက်မှုက ကြီးစွာသော အနှောင့်အယှက် ဖြစ်လာနေသည်။ ထို့ပြင် သုံးရေရရှိနိုင်မှုက မြေအောက်ရေ နည်းပါးလာမှုနှင့်အတူ ခက်ခဲလာနေသည်။ တရားဥပဒေစိုးမိုးမှု လုံခြုံစိတ်ချရသည့် နေထိုင်နိုင်ရေးကလည်း တန်းတူအရေးကြီးနေသည်ပဲ ဖြစ်ပါသည်။

သည်လိုကြားထဲတွင် မြို့၏ စိမ်းလန်းမှုများကို အလေးအနက် မထားခဲ့ကြသည့်အတွက် သစ်ပင်လျော့ပါးလာမှု၊ လူတို့၏ အမှိုက်နှင့် ပတ်သက်သည့် အခြေခံအယူအဆ၊ အမှိုက်စွန့်ပစ်သည့် အလေ့အထတို့ကြောင့် သိမ်းမနိုင်အောင် မြင့်မားလာနေသည့် အမှိုက်ပုံများ၊ ဟိုသည်ရှိနေသည့် အညစ်အကြေးများက မြို့ကို လွှမ်းမိုးလာနေသည်။

သည်လိုအခြေအနေများတွင် မြို့ပြအမွေအနှစ်များ လျော့ပါးပျက်စီး ကုန်ဆုံးမည်ကို စိုးရိမ်နေရသည့် အန္တရာယ်တို့ကလည်း ရှိနေသည်။ သာသနာရေးဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ မြို့ပြဆိုင်ရာ အမွေအနှစ်များနှင့် အမှတ်ရစရာများ များစွာရှိနေသည့် မြို့ဖြစ်နေသည့်အတွက် ထိန်းသိမ်းထားရမည်တို့က အများအပြားရှိနေပါသည်။

ဤသို့သော စိန်ခေါ်မှုအမျိုးမျိုးအကြားတွင် တိုးတက်များပြားလာသော လူဦးရေ အချိုးအစားအလိုက် ခေတ်နှင့်အညီ တိုးတက်လာရန်၊ အဆင့်မြှင့်ရန်အတွက် အရည်အသွေးသစ်၊ ပုံစံသစ်၊ တူရူအသစ်တို့ဖြင့် ပြောင်းလဲပြင်ဆင်စရာများကလည်း ရှိနေပါသည်။ စိမ်းလန်းမြို့တော်၊ နည်းပညာသစ်မြို့တော်၊ စီးပွားရေးမြို့တော်၊ သဘာဝနှင့် လိုက်လျောညီ ထွေရှိသည့် သဘာဝကို ထိန်းသိမ်းစောင့်ရှောက်သည့် မြို့တော်၊ အမွေ အနှစ်များဖြင့် ပြည့်ဝနေသည့် မြို့တော်အစရှိသည့် ဝိသေသများကို ပြည့်စုံအောင်ကြိုးပမ်းနေသည့်ကြွေးကြော်သံများကလည်း တွန်းအား ဖြစ်နေပါသည်။ လက်တွေ့အားဖြင့် မည်သို့မည်ပုံ မည်ရွေ့မည်မျှ ပုံဖော် တည်ဆောက်နိုင်မည်ဆိုသည်ကို ပြည်သူတို့ကလည်း စောင့်မျှော်အကဲ ခတ်နေကြပါသည်။

အထူးသဖြင့် မြို့သစ်စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများသည် ပြည်သူလူထု အများစု၏ အကျိုးစီးပွားကို တိုးမြင့်စေဖို့ အဓိကအားဖြင့် ဦးတည်ကာ စီမံနေမည်ဟုလည်း မျှော်လင့်ယူဆနေကြသည် ဖြစ်ပါ၏။

အခြားတစ်ဖက်တွင်လည်း မြေရာပိုင်ဆိုင်မှု၊ အမွေအနှစ် ထိန်းသိမ်းမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ပြည်သူတို့အတွက် လုံခြုံစိတ်ချရသည့် အမျိုးမျိုးသော ဘေးအန္တရာယ်များက ကာကွယ်ပေးနိုင်မှု၊ နေထိုင် သွားလာရန် လွယ်ကူအဆင်ပြေကာ စီးပွားရေးလုပ်ကိုင်ခွင့်၊ အလုပ်အကိုင် အခွင့်အလမ်း မြှင့်တင်ပေးနိုင်မှု စသည်တို့အတွက် ဆိုင်ရာဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ပြဋ္ဌာန်းရန် ဆောင်ရွက်နေသည် တို့ကို သိရပါသည်။

မည်သို့ဖြစ်စေ၊ ဥပဒေပြင်ဆင်ရေးဆွဲခြင်း၊ မြို့သစ်စီမံကိန်းများ ဖော်ထုတ်ခြင်း အစရှိသည့် မြို့အတွက် မည်သို့သော စီမံဆောင်ရွက်မှုမျိုးမဆို ပြည်သူလူထု အများစုအတွက်ဟူသည့် ရည်ရွယ်ချက်ကို ဦးတည်ရန် လိုအပ်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

မြန်မာ့အလင်း