ပြည်သူ့ဆန္ဒကို လက်တွေ့ အကောင်အထည်ဖော်

၂၉ အောက်တိုဘာ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးကိစ္စများကို လမ်းညွှန်မှာကြားခဲ့သည်။

 

နိုင်ငံတော်သမ္မတကြီးသည် ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်များနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား မကြာခဏတွေ့ဆုံလေ့ရှိပြီး တွေ့ဆုံသည့်အခါတွင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စုလွှတ်တော်တွင်ကျမ်းသစ္စာကျိန်ဆိုပြီးချိန်က ပြောကြားခဲ့သည့် မိန့်ခွန်းကို ထပ်မံအသိပေးပြောကြားလေ့ရှိသည်။ ရည်ရွယ်ရင်းမှာ အနှစ်သာရဖြစ်သည့် ပြုပြင်ပြောင်းလဲရေးကို အားလုံးမဖြစ်မနေလုပ်ဆောင်ကြရန် အသိပေး၊ သတိပေးနေခြင်း ဖြစ်သည်။

 

နိုင်ငံတော်သမ္မတကြီးက “မိမိတို့နိုင်ငံတွင် ခေတ်ဟောင်း၊ စနစ်ဟောင်းမှ ခေတ်သစ်၊ စနစ်သစ်သို့ ပြုပြင်ပြောင်းလဲနိုင်ရန် တက်ညီလက်ညီဆောင်ရွက်ရန်လိုပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံသူ၊ နိုင်ငံသားအားလုံးတောင့်တနေသည့်ဆန္ဒဖြစ်ပါကြောင်း၊ ယင်းဆန္ဒကို အကောင်အထည်ဖော်ရန်မှာ အားလုံးတွင် တာဝန်ရှိပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုတွင် တချို့က တွန့်ဆုတ်နေမှု၊ စိုးရိမ်နေမှု၊ ဝန်လေးနေမှုများ ရှိနိုင်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် စိုးရိမ်စရာမဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင် လိုက်ပါနိုင်ခြင်းမရှိပါက မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ မလွဲမသွေဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ လောကနိယာမတရားအရ အမြဲမှန်ကန်နေသည့်တရားမှာ ပြောင်းလဲခြင်းတရားပင်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် ရန်သူမဟုတ်ပါကြောင်း၊ မိတ်ကောင်းဆွေကောင်းသာဖြစ်ပါကြောင်း” အသိပေးပြောကြားခဲ့သည်။

 

နိုင်ငံတော်သမ္မတကြီးသည် ပြည်သူလူထုအားလုံး၏ဆန္ဒအမှန်နှင့် လောကနိယာမ၏ သဘောတရားအမှန်ကို နိုင်ငံတော်နှင့်ပြည်သူ့တာဝန်ကို ထမ်းဆောင်နေကြသူများအားလုံးအား ကျယ်ကျယ်ပြန့်ပြန့်အသိပေးပြောကြားခဲ့သည်။ ပြုပြင်ပြောင်းလဲခြင်းဆိုသည်မှာ လောကနိယာမတရားအရ အရာအားလုံးသည် မပြောင်းမလဲ ထာဝရတည်မြဲခြင်းမရှိ၊ အရာအားလုံးသည် အမြဲတမ်းထာဝရပြုပြင်ပြောင်းလဲနေသည်ကို ဆိုလိုခြင်းဖြစ်၍ ဖြစ်ပျက်ပြောင်းလဲတတ်သော သင်္ခါရသဘောတရားအတိုင်းဖြစ်သည်။ ပြည်သူလူထု၏ သဘောထားဆန္ဒအမှန်နှင့် မျှော်လင့်ချက်မှာပြုပြင်ပြောင်းလဲရေးဖြစ်သလို ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်ဖော်ဆောင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖွဲ့ကို တစ်ခဲနက်ထောက်ခံရွေးချယ်ထားသည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေ ဖော်ဆောင်ကြရမည်ဖြစ်သည်။ ယင်းသဘောတရားနှင့် အနှစ်သာရအားလုံးကို အလေးထားသောအားဖြင့် နိုင်ငံတော်သမ္မတကြီးက ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေဆောင်ရွက်ကြရန် မကြာခဏ အသိပေးပြောကြားနေခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲခြင်းဆိုသည်မှာ လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက်သော အလုပ်တစ်ခုဖြစ်သည်။ လူတစ်ဦးတစ်ယောက်တွင် ခက်ခဲနေသောအရာမှာ ပြုပြင်ပြောင်းလဲခြင်းပင်ဖြစ်သည်။ ခက်ခဲနေခြင်းမှာ မူလစွဲမြဲနေသော အမူအကျင့်ကို မစွန့်လွှတ်လိုသဖြင့် ယခင်အတိုင်း ဆောင်ရွက်မြဲဆောင်ရွက်နေခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲခြင်းသည် လောက၏နိယာမတရားအတိုင်း လိုက်ပါဆောင်ရွက်ခြင်းဖြစ်ပြီး မိမိကောင်းကျိုး၊ လူသားများကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုးအတွက် ပြုပြင်ဖန်တီးပေးနိုင်သည်ကို သတိမူကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ တိုင်းပြည်အကျိုး၊ ပြည်သူပြည်သားများ၏အကျိုး၊ မိမိအကျိုးတို့အတွက် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ အများအကျိုးကိုရှေးရှုသည့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအားလုံးတွင်မည်သူမျှ တိုက်တွန်းစရာမလိုဘဲ မိမိအသိစိတ်ဓာတ်ဖြင့် လိုက်ပါပြောင်းလဲဆောင်ရွက်ကြလိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ပါသည်။ ကြေးမုံ