ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်  National Democratic Institute (NDI) ၏ဥက္ကဋ္ဌ မစ္စတာ ဒဲရစ်မစ်ချယ်အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၂၂ နိုဝင်ဘာ 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် National Democratic Institute (NDI) ၏ဥက္ကဋ္ဌ မစ္စတာ ဒဲရစ်မစ်ချယ်အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲမှုတွင် လွှတ်တော် လုပ်ငန်းစဉ်များ ပိုမိုခိုင်မာအားကောင်းလာစေရေး၊ လွှတ်တော်ကော်မတီများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအတွက် စွမ်းရည်မြှင့်တင်မှု၊ အရည်အချင်း၊ အရည်အသွေးများ တိုးတက်အောင် ဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များအပြင် နည်းပညာပိုင်းနှင့် ပညာရပ်ဆိုင်ရာ အတွေ့အကြုံမျှဝေမှုများတွင် ပူးပေါင်းဆောင်ရွက် နေမှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)