ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အဖွဲ့ Korea Development Institute ဒုတိယဥက္ကဋ္ဌနှင့်တွေ့ဆုံ

နေပြည်တော်   ၄  အောက်တိုဘာ

 

ကိုရီးယားသမ္မတနိုင်ငံ၌ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အဖွဲ့သည် Korea Development Institute (KDI) ဒုတိယဥက္ကဋ္ဌ Mr. Youngjae Lim နှင့် အဖွဲ့အား ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စ၊ ကိုရီးယား ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (KDI)မှ ကူညီဆောင်ရွက်ပေးနေသည့်ကိစ္စ၊ နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ ပြည်သူများအချင်းချင်း၊ လွှတ်တော်များ အချင်းချင်းဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့  ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ဦးတင်ထွေး၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးကျင်ဝမ်း၊ ဦးထွန်းကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်တို့ တက်ရောက်ခဲ့ကြသည်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည်  ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် Sejong Government Complex သို့လည်းကောင်း၊ ညနေ ၄ နာရီတွင် SK Telecom သို့လည်းကောင်း သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

 

သတင်းစဉ်