ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေ‌ရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့် အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံခြားသားများအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၈၃၄ ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြု

ရန်ကုန် ဧပြီ ၁၇

မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့် လည်းကောင်း နိုင်ငံတော်မှ ယနေ့တွင် အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီး တို့၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်း/ အကျဉ်းသူ ၃၃၀၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုခဲ့ရာ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံခြားသားများ အပါအဝင် အကျဉ်သား/ အကျဉ်းသူ ၈၃၄ ဦးကိုလည်း ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များ အပေါ်လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ဦးစွာ နံနက် ၁၁ နာရီတွင် အင်းစိန်ဗဟိုအကျဉ်းထောင် မိုးလုံလေလုံအား ကစားခန်းမ၌ လွတ်ငြိမ်းခွင့်ပြုသည့် အကျဉ်းသား၊ အကျဉ်းသူများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရ  အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့်  ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်တို့က ဆုံးမဩဝါဒစကား များပြောကြားပြီး အကျဉ်း သား၊ အကျဉ်းသူများကို နှုတ်ဆက်အားပေးစကားများ ပြောကြားကြသည်။

ယင်းနောက် နိုင်ငံခြားသားအကျဉ်းသား ၂၀ ၊ နိုင်ငံသားအကျဉ်းသား ၇၅၄ ဦး၊  အကျဉ်းသူ ၆၀  စုစုပေါင်း ၈၃၄ ဦးတို့ကို YBS ယာဉ်များဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တိုက်ရိုက်ပို့ဆောင်ပေးခဲ့သည်။ ယနေ့ ဧပြီ ၁၇ ရက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ထမ်းဆောင် စဉ်အတွင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပြုခဲ့သည့် မှာ ၁၇ ကြိမ်မြောက်ရှိပြီဖြစ်ပြီး သတ်မှတ်စည်းကမ်းနှင့်ကိုက်ညီသည့် အကျဉ်းသား၊ အကျဉ်းသူများကို လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ရာ အင်းစိန်ဗဟိုအကျဉ်းထောင်ဂိတ်မကြီး၌ လွတ်ငြိမ်းခွင့်ရရှိသူများကို စောင့်မျှော်နေကြသည့် မိဘ၊ ဆွေမျိုးနှင့် မိသားစုဝင်များက ယခုလို နှစ်သစ်မင်္ဂလာတွင် လွတ်ငြိမ်းခွင့်ရရှိမှုအပေါ် ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုကြ လျက်ရှိကာ လွတ်ငြိမ်းခွင့်ရရှိသူများနှင့် ကြိုဆိုနှုတ်ဆက်သူတို့၏ ဝမ်းသာပီတိကြည်နူး သံများဖုံးလွှမ်းခဲ့သည်။

၂၀၂၃ ခုနှစ်တွင်လည်း မြန်မာနှစ်သစ်ကူးနေ့ဖြစ်သည့် ယနေ့တွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၃၆ ဦးကို ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတို့မှ အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦး စုစုပေါင်း ၃၁၁၄ ဦးကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြည်သူလူထု နှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)