ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ရပ်ရွာစေတနာ့ဝန်ထမ်း သင်တန်းတွင် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ၁၂ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် ရပ်ရွာစေတနာ့ဝန်ထမ်း (Community Covid Volunteer–CCV) များလေ့ကျင့်မွေးထုတ် အကောင်အထည်ဖော်ရေး အသိပညာပေး အွန်လိုင်းသင်တန်းအစီအစဉ်ကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

သင်တန်းတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကို ရင်ဆိုင်ကျော်လွှားနေရဆဲဖြစ်ပြီး မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ မပြန့်ပွားရေးကိုလည်း အထူးအလေးထား ဆောင်ရွက်နေရချိန် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ကူးစက်ပုံနည်းလမ်းများနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို သိရှိနားလည်ကြပြီး ဖြစ်သော်လည်း အလေ့အထဖြစ်အောင် အလေ့အကျင့် ပြုလုပ်ခြင်းတွင် လိုအပ်နေကြဆဲဖြစ်ကြောင်း၊ မိမိကစ၍ သတိမလွတ်ဘဲ စည်းကမ်းလိုက်နာ ကာကွယ်နိုင်ရန် အားပေးတိုက်တွန်းခြင်း၊ ပညာပေးခြင်းများကိုတော့ ဆောင်ရွက်ရဆဲ ဖြစ်ပါကြောင်း။

 

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ တားဆီးထိန်းချုပ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို အကောင်အထည်ဖော်နေရ ခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွင်း ရပ်ကွက်၊ ကျေးရွာများအထိ အမှန်တကယ်လိုက်နာကြရန် ပညာပေးမှုအပိုင်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန်လည်း လိုအပ်ဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ရပ်ကွက်၊ ကျေးရွာများမှ လူငယ်ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ အပါအဝင် ပြည်သူများ၏အင်အားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်  ရပ်ကွက်၊ ကျေးရွာပြည်သူများပါဝင်သော ရပ်ရွာစေတနာ့ ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန်အတွက် စီမံချက်ကိုရေးဆွဲပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများကို သင်တန်းပေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ရပ်ရွာအလိုက် ပြည်သူအများ ပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။

 

ကိုဗစ်-၁၉ ထိန်းချုပ်ရေး အထူးစီမံချက်တွင် ရပ်ရွာအလိုက် ပြည်သူအများပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော Community Covid Volunteer – CCV များ၏ကဏ္ဍသည် အဓိကတစ်နေရာကပါဝင်ပြီး အလွန်အရေးကြီးပါကြောင်း၊ အထူးသဖြင့် မိမိတို့ ရပ်ကွက်၊ ကျေးရွာများအတွင်း  ကိုဗစ်-၁၉ ဆိုင်ရာ ထိရောက်သော ပညာပေးခြင်းတွင် လူတိုင်း အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး ပညာပေးစီမံချက်အောင်မြင်ရေး၊ ကိုဗစ်-၁၉ သံသယလူနာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ စစ်ဆေးခြင်း၊ လိုအပ်ပါက ထိန်းချုပ်ကုသမှုခံယူ ရရှိစေရေး၊ ရပ်ကွက်၊ ကျေးရွာအတွင်း သံသယလူနာများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူများ၊ ရောဂါ ပိုးစစ်ဆေး တွေ့ရှိသူများကို လိုအပ်သော သယ်ယူပို့ဆောင်ပေးခြင်းနှင့် ပံ့ပိုးကူညီမှုပေးနိုင်ရေး စသည့်တို့ကို မိမိတို့ ရပ်ကွက်၊ ကျေးရွာအတွင်း ထိရောက်စွာ ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို အကောင်းဆုံးကူညီမှုပေးနိုင်ပြီး ကူးစက်မှုနှင့် သေဆုံးမှု နှုန်းကျဆင်းရေးကို ဆက်လက် ဦးတည်စေမည် ဖြစ်ပါကြောင်း။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးပေးနိုင်သော အချိန်တွင်လည်း ရပ်ကွက်၊ ကျေးရွာအလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စေတနာ့ဝန်ထမ်းများအား သတ်မှတ်ပေးမည့် တာဝန်များကိုလည်း ပူးပေါင်းဆောင်ရွက် နိုင်ကြရန်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ အလွန် ကာလတွင်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရပ်ကွက်၊ ကျေးရွာ စေတနာ့ဝန်ထမ်း (Community / Village Volunteer) များအနေဖြင့် ဆက်လက်၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုသင်တန်းဟာ ရည်ရွယ်ချက်အလွန် ကောင်းမွန်ပြီး ပြည်သူလူထု အခြေပြုလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံး၍ လုပ်ငန်းအကောင် အထည် ဖော်ဆောင်ရွက်ရာမှာ မိမိတို့ ရပ်ကွက်၊ ကျေးရွာနှင့် သက်ဆိုင်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံစသည့် ဌာနများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက်ဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန်လည်း တိုက်တွန်းအပ်ပါကြောင်း။

 

ယနေ့ကျင်းပသော ပထမအကြိမ် Community COVID Volunteer – CCV အသိ ပညာ ပေးသင်တန်းအစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီးမှ ရပ်ရွာစေတနာ့ဝန်ထမ်း (၁၃၉)ဦး ပါဝင်မည်ဖြစ်ပါကြောင်း၊ ဤသင်တန်းကို အမျိုးသားအဆင့်စေတနာ့ ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးနှင့် မန္တလေးတိုင်းဒေသကြီး လူငယ့်ရေးရာကော်မတီဝင်များ၊ အမျိုးသမီး ကော်မတီ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စေတနာ့ဝန်ထမ်းများကို စုဆောင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် အသိပညာပေးသင်တန်းအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယနေ့ အသိပညာပေး အစီအစဉ်တွင် ပါဝင်ဆွေးနွေးပေးကြမည့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ပညာရှင်ဆရာ၊ ဆရာမများအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါကြောင်း၊ အသိပညာပေးသင်တန်း အစီအစဉ်မှတဆင့် ဆောင်ရွက်ရမည့်   အခြေအနေများနှင့် သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြမည်ဖြစ်၍ လက်တွေ့ ပြည်သူ့အကျိုးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုအဖွဲ့အစည်းများနှင့် အတူပူးပေါင်းဖော်ဆောင်နိုင်ကြမည်ဟု အလေးအနက် ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဒုတိယဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာ မြသီတာက အသိပညာပေးသင်တန်းအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆရာ ဝန်အသင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ပညာရှင်ဆရာ၊ ဆရာမများက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ရှင်းလင်းပို့ချခဲ့ကြပြီး စေတနာ့ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်