ပြည်သူလူထုအနေနဲ့ မမှန်ကန်တဲ့ Test Kits တွေ ဝယ်ယူသုံးစွဲခြင်းကနေ ရှောင်သင့်ပါတယ်၊ ရောင်းချတဲ့သူတွေအနေနဲ့ ဒါတွေ ရောင်းချဖို့မသင့်ပါဘူး

၃၀  နိုဝင်ဘာ

ပြည်တွင်းဈေးကွက်တွင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးသည့် Test Kit များ တရားမဝင်ရောင်းချနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် လစ်ဟာမှု မရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မရမီအချိန်အတွင်း ပြည်သူများလိုက်နာရမည့် အချက်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။

မေး ။ ။ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတဲ့ Test kits တွေ ပြည်တွင်းဈေးကွက်ထဲ ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုကို ဘာများ ပြောချင်ပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ စစ်ခဲ့တဲ့ Testတွေ အားလုံးကတော့ WHO အသိအမှတ်ပြုတဲ့ Test တွေနဲ့ စနစ်တကျ စစ်ဆေးဆောင်ရွက်တာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ဝယ်ပြီးတော့ ကိုယ့်ဟာကိုယ် စစ်ကြတာတွေ၊ တိုးတိုး | တိတ်တိတ်စစ်ကြတာတွေ၊ တချို့ ပုဂ္ဂလိကတွေက ဒီ Test Kits တွေကို ဝယ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ကို ကြော်ငြာ ပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒါ Anti Body Test Kits နဲ့ ယူပြီး စစ်နေတယ်လို့ ကျွန်တော်တို့ အထိုက် အလျောက် သိပါတယ်။

တချို့စက်ရုံတွေမှာဆိုရင်လည်း သွေးဖောက်ပြီး ဒါတွေ စစ်ဆေးဆောင်ရွက်နေတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီကိစ္စတွေကို ကျွန်တော်တို့ဌာနက အသိအမှတ်ပြုမထားပါဘူး။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း အသိအမှတ်ပြုမထားပါဘူး။ WHO ကလည်း အသိအမှတ်ပြုမထားပါဘူး။ ဒါတွေနဲ့ ဆောင်ရွက်နေကြတဲ့အခါကျတော့ အလွန်အန္တရာယ်ကြီးပါတယ်။ ဒီကိစ္စက စတင်ယူတဲ့ နေရာကနေစပြီးတော့ အန္တရာယ်ရှိပါတယ်။

ကျွန်တော်တို့ကတော့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူတဲ့နေရာကစလို့ သေသေချာချာ လေ့ကျင့်ထားတဲ့ ဝန်ထမ်းတွေနဲ့ ဆောင်ရွက်ကြပါတယ်။ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ယူတဲ့နေရာကိုလည်းပဲ ကူးစက်မှုကင်းအောင် ဆောင်ရွက်ထားပါတယ်။ ပြီးရင် ဒါတွေကို စနစ်တကျ စွန့်ပစ်ကြတာဖြစ်ပါတယ်။

နောက်တစ်ခုက ကိုယ့်ဟာနဲ့ကိုယ် လုပ်နေကြတဲ့ အခါကျတော့ နည်းပညာအရ မှားနိုင်ပါတယ်။ နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ် ကိုယ့်ဟာနဲ့ကိုယ် ယူမယ်ဆိုရင် ညှာညှာတာတာ လုပ်ကြမယ်ဆိုရင်ပဲ Negative ထွက်ဖို့က များတာပေါ့။ နောက်တစ်ခုက ဒီကိစ္စ စစ်ပြီးသွားလို့ စွန့်ပစ်တော့မယ်ဆိုရင် ဘယ်ကိုစွန့်ပစ်မှာလဲဆိုတာက အရေးကြီး ပါတယ်။ စွန့်ပစ်တဲ့အခါမှာ စနစ်တကျ မလုပ်ဘူး။ သေသေချာချာ မစွန့်ပစ်ဘူးဆိုရင် တခြားသူကို ကူးစက်မှာပဲ။ အနည်းဆုံးကူးမှာကတော့ ကိုယ့်အိမ်သားအချင်းချင်းကို ကူးကြတော့မယ်။ တကယ်သာ ရောဂါရှိတဲ့သူကို ဒီလိုပုံစံနဲ့ ယူမိကြရင် အိမ်သားတွေကူးပြီး သူတို့စွန့်ပစ်တဲ့နေရာက ကိုင်တွယ်ထိတွေ့မိတဲ့ သူကိုကူးမှာပဲ။ မှန်ကန်တိကျမှုကလည်း WHO အတည်ပြုချက်ရမှ ဖြစ်မှာပါ။ တိုးတိုးတိတ်တိတ်နဲ့ ဈေးထဲကဝယ်ပြီး စစ်တယ်။ ဈေးထဲက သွင်းလာတာတွေက တိုးတိုးတိတ်တိတ် ကြိတ်ပြီးသွင်းလာတာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ FDAအသိအမှတ်ပြုမှု ဘာမှမပါဘူး။

ပြည်သူလူထု စိတ်ချလက်ချသုံးဖို့ကို ဒီဥစ္စာသုံးစွဲဖို့ဆိုတာ လုံးဝမသင့်ပါဘူး။ အကယ်၍များ အဲဒီမှာ Positive ထွက်ခဲ့တယ်လို့ပြောခဲ့ရင် သူတို့က ဘယ်လိုပုံစံတွေနဲ့ ဆက်သွားပြီးတော့ ကျွန်တော်တို့ ဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ကြမလဲဆိုတာ အလွန်ရှုပ်ထွေးလာစရာ အကြောင်းတွေပဲရှိလာနိုင်ပါတယ်။

ဒါ့ကြောင့် ပြည်သူလူထု အနေနဲ့ မမှန်ကန်တဲ့ Test Kits တွေ ဝယ်ယူသုံးစွဲခြင်းကနေ ရှောင်သင့်ပါတယ်။ ရောင်းချတဲ့သူတွေအနေနဲ့ ဒါတွေရောင်းချဖို့ မသင့်ပါဘူး။ ပြည်သူလူထုအနေနဲ့ အကျပ်အတည်းထဲကို တွန်းပို့မယ့် အခြေအနေတစ်ခုမှာ ဒီ Test Kits တွေက ယုံကြည်စိတ်ချရမှု ဘာမှအာမခံချက် မရှိတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဒါတွေကို ရှောင်ရှားပြီးတော့ ရောဂါလက္ခဏာ ပြလို့ရှိရင် ဒါမှမဟုတ် ရောဂါရှိသူနဲ့ ထိတွေ့မှုရှိခဲ့တယ်ဆိုရင် ကိုယ့်မြို့နယ်မှာရှိတဲ့ ကျန်းမာရေးဌာနကို ဖုန်းဆက်ပါ။ ဖုန်းဆက်မယ်ဆိုရင် ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဝန်ထမ်းတွေက ဆက်ပြီးဆောင်ရွက်မှာပါ။ စစ်ဆေးပေးသွားမှာပါ။ ပြီးရင် ကုသမှုရအောင် ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ။

 

dr tun myint~1

 

မေး ။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ ကျန်းမာရေးဝန်ထမ်း တော်တော်များများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံထားရတယ်လို့ သိရပါတယ်။ အဲဒီကျန်းမာရေးဝန်ထမ်း တွေနေရာမှာ ဘယ်လိုဖြည့်ဆည်းဆောက်ထားလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ များပါတယ်။ အားလုံးပေါင်း ၅၀၀ ကျော် ကူးစက်ခံထားရပါတယ်။ အဲဒီ ထဲမှာ အများစုက ဆေးရုံမှာလုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေပါ။ ရန်ကုန်ဆေးရုံကြီးကတော့ အများဆုံး ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေး လုပ်ငန်းမှာဆိုရင်လည်း ပြည်သူ့ကျန်းမာရေးဌာနမှာ ၈၀ လောက် ကူးစက်ခံထားရပါတယ်။ အဲဒီထဲမှာမှ နှစ်ဦးက ဆုံးပါးသွားခဲ့ပါတယ်။ တစ်ဦးက တာမွေမြို့နယ်က ကျန်းမာရေးမှူး ဖြစ်ပါတယ်။ သူကတော့ အသည်းရောင်အသားဝါဘီ ရောဂါအခံရှိတယ်။ နောက် တစ်ယောက်က တိုက်ကြီးက ကျန်းမာရေးကြီးကြပ်(၂)ဖြစ်ပါတယ်။ သူဆိုရင်လည်း ကူးစက်ခံရပြီး သေဆုံးသွားခဲ့ ပါတယ်။ သူကလည်း ရောဂါအခံရှိတယ်။ ကျောက်ကပ်ဆေးနေရတယ်။ ဒါနဲ့ပဲဆုံးပါးသွားခဲ့တယ်။ ဒါတွေအတွက် ကူးစက်ခံရတဲ့ အခြေအနေတွေ၊ နောက်တစ်ခုက ဝန်ထမ်းအင်အား အခြေအနေတွေ၊ ကူးစက်မခံရခင်ကတည်းက ကျန်းမာရေးဝန်ထမ်းတွေ လုံလောက်မှု ရှိသလားဆိုတဲ့ မေးခွန်းကလည်း အများသူငှာမေးတဲ့ မေးခွန်းပါပဲ။

ကျန်းမာရေးဝန်ထမ်း လုံလောက်မှုရှိသလားဆိုမလုံလောက်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီးက တစ်နိုင်ငံလုံးရဲ့ ၇၅ ရာခိုင်နှုန်းလောက်က ရောဂါကူးစက်ခံရတာ ဖြစ်တယ်။ ရောဂါအဖြစ်နည်းတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ကျန်းမာရေးဝန်ထမ်းတွေက ရန်ကုန်ကို အလှည့်ကျလာပြီး ဝိုင်းကူကြတယ်။တချို့ကျတော့လည်း လုပ်အားပေး အနေနဲ့ စာရင်းပေးသွင်းပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ၊ ကုသရေးစင်တာတွေမှာ လာပြီးဝိုင်းကူလုပ်ပေး ကြတယ်။ ဒီထဲမှာမေ့ဆေးဆရာဝန်တွေပါတယ်၊ အထွေထွေရောဂါကု ဆရာဝန်တွေပါတယ်။ ဆရာဝန်ကြီးငယ် အားလုံး၊ ဓာတ်ခွဲဝန်ထမ်းတွေအားလုံး၊ သူနာပြုတွေအားလုံး ဒါတွေကလည်း ဝိုင်းကူနေကြတယ်။ ပြည်နယ်နဲ့ တိုင်းသကြီးအသီးသီးက ကြက်ခြေနီတွေကလည်း ပါဝင်ကူညီကြတယ်။ ဆေးကျောင်းတွေကဆိုရင်လည်း ဆေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ဆေးကျောင်းသားတွေလည်း ပါဝင်ကူညီကြတယ်။ ကွာရတင်း စင်တာတွေမှာ အခြေခံ အောက်ခြေသိမ်းအလုပ်တွေကအစ ဆေးကျောင်းသားတွေက ပါဝင်ကူညီ လုပ်ကိုင်ပေးနေကြတယ်။ ဒီဟာတွေနဲ့ပဲ လည်ပတ်ပြီးတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေး လုပ်ငန်းတွေကို အရှိန်မပြတ် ဆောင်ရွက်နေပါတယ်။

 

dr tm 002~1

 

အခက်အခဲကတော့ ရှိတယ်။ ဒီအခက်အခဲက အခု အချိန်ထိကို ပြေပြေလည်လည်နဲ့ သွားတုန်းပဲ ရှိပါသေးတယ်။ တော်တော်များများ ကျန်းမာရေးဝန်ထမ်းတွေက ပင်ပန်းနေကြပါပြီ။ ပင်ပန်းတာကို အလှည့်ကျစနစ်လေးနဲ့ သွားပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းကို အဆက်မပြတ်လည်ပတ်နိုင်အောင် ဆောင်ရွက် နေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကတော့ ရှေ့တန်းက ဆောင်ရွက်တယ်ဆိုပေ့မယ် ပြည်သူလူထုအနေနဲ့ကတော့ ရှေ့တန်းက ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ရှေ့တန်းကိုတက်လာပြီး တစ်သားတည်းဖြစ်ဖို့ လိုအပ်ပါတယ်။ တစ်သားတည်းဖြစ်တဲ့ အချိန်ကလည်း ကိုဗစ်-၁၉ ကို အောင်အောင်မြင်မြင်နဲ့ ကျော်လွှားနိုင်မယ့် အချိန်နဲ့ အလွန်နီးကပ်တဲ့အချိန် သို့မဟုတ်ရင်လည်း အောင်မြင်တဲ့အချိန်က အဲဒီအချိန် ဖြစ်ပါတယ်။ ။

မေး ။ ။ ကမ္ဘာ့သတင်း စာမျက်နှာတွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကာကွယ်ဆေး ရရှိနေပြီဆိုတဲ့သတင်းတွေ တွေ့နေရပါတယ်။ မြန်မာနိုင်ငံက ပြည်သူ့တွေအနေနဲ့လည်း ကာကွယ်ဆေးရရှိဖို့ မျှော်လင့်နေပါတယ်။ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အခြေအနေရှိရင်လည်း သိချင်ပါတယ်။

ဖြေ ။ ။ ကိုဗစ်-၁၉ ကာကွယ်ဆေးရတာနဲ့ ပြည်သူတွေ အနေနဲ့ အားလုံးရရှိကြမှာ ဖြစ်ပါတယ်။ ရရှိကြမယ့် အခြေအနေမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကာကွယ်ဆေး ရရှိမှု အခြေအနေအပေါ် မူတည်ပြီးတော့ ညီတူညီမျှ ဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြတာ ရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ရော၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေနဲ့ရော ကာကွယ်ဆေးရရှိရေး၊ ကာကွယ်ဆေးထိုးနှံရေးအတွက် အဆက်မပြတ် ဆောင်ရွက်နေ ပါတယ်။ ကျွန်တော်တို့အနေနဲ့ သိထားတာက ကနဦးမှာ တစ်နိုင်ငံလုံးရဲ့ လူဦးရေရဲ့ ၃ ရာခိုင်နှုန်း လောက်က ရမယ်။ ရတဲ့ဟာကို ညီတူညီမျှရအောင် ဆောင်ရွက်နေတဲ့အတွက်ကြောင့်မို့ ကာကွယ်ဆေးကလည်း ပြည်သူလူထုအားလုံးရဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ ကာကွယ်ဆေးရဖို့က ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။ အဲဒီထက် အရေးကြီးတာ ပြောရမယ်ဆိုရင် ကာကွယ်ဆေးရပြီးတဲ့ နောက်ပိုင်းပဲဖြစ်ဖြစ်၊ ကာကွယ်ဆေးမရခင် ကြားထဲမှာပဲ ဖြစ်ဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာဖို့ ပြည်သူလူထုအနေနဲ့ အရေးကြီးပါတယ်။ ကာကွယ်ဆေးရပြီးတဲ့ အချိန်မှာလည်း လိုက်နာဖို့လိုပါ တယ်။ မရခင်အချိန်မှာ ပိုပြီးလိုက်နာကြရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးရပြီဆိုရင်လည်း ပေါ့ဆမနေဖို့ အရေးကြီးပါတယ်။ ကိုဗစ်-၁၉ ရောဂါကလည်း တစ်ကမ္ဘာလုံးက အခုမှစပြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။ နောက်ဆက်တွဲ အခြေအနေတွေကလည်း သေသေချာချာ သိဖို့ခက်ပါသေးတယ်။ အဲဒီကာလမှာတော့ သိပြီးသားဖြစ်တဲ့ ကာကွယ်ရေးနည်းလမ်းတွေကို ကာကွယ်ဆေးနဲ့အတူ မျှော်လင့်ပြီးတော့ပဲ ဒါတွေကို ပြည်သူလူထုအနေနဲ့ ၊ လိုက်နာကြဖို့ လိုပါတယ်။ ယခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။

တွေ့ဆုံမေးမြန်း-သီသီမင်း၊ မင်းသစ်(MNA)

ဓာတ်ပုံ-ဇေယျာကျော်ဝင်း