ပြည်သူလူထု၏ ထောက်ခံမှုဖြင့်သာ...

၁၅ ဇူလိုင်

လွတ်လပ်ရေးရခါနီးမှာ    ဗိုလ်ချုပ်အောင်ဆန်းနှင့်    အာဇာနည်ခေါင်း ဆောင်ကြီးများ လုပ်ကြံခံရခြင်းသည် မြန်မာနိုင်ငံအတွက် အဆိုးရွားဆုံး ကံကြမ္မာအလှည့်အပြောင်းဟု        ဆိုရပါမည်။      ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော ထက်မြက်သည့်၊ ဖြူစင်ရိုးသားသည့်၊ ဂုဏ်သိက္ခာကြီးသည့် ခေါင်းဆောင်တစ်ဦးကို သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီး၊ မန်းဘခိုင်၊    ဦးရာဇတ်တို့လို    နိုင်ငံအနာဂတ်အတွက်    အားကိုးရမည့် ထိပ်တန်းခေါင်းဆောင်များနှင့်အတူ တစ်ပြိုင်နက် ဆုံးရှုံးရသည့်အတွက် ဖြစ်ပါသည်။

ဗိုလ်ချုပ်လိုခေါင်းဆောင်တစ်ဦး ဆုံးရှုံးရသည့်အတွက် မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်ရေးကို အမြင့်မားဆုံးဦးဆောင်နိုင်သည့်သူတစ်ဦးအား နိုင်ငံက ဆုံးရှုံးရခြင်း ဖြစ်ပါသည်။ ထိုစဉ်ကာလက အရေးပါသော လက်ဝဲ သမားများ၏ ညီညွတ်ရေး၊ ဝဲယာမဟူသော နိုင်ငံရေးသမားများ သင့်မြတ်ညီညွတ်ရေး၊ တိုင်းရင်းသားများနှင့် စည်းလုံးနိုင်ရေး အစရှိသည်တို့အတွက် အားလုံးက အယုံကြည်နိုင်ဆုံးသော ခေါင်းဆောင်တစ်ဦးကို ဆုံးရှုံးရခြင်း ဖြစ်ပါသည်။

သည်ခေါင်းဆောင်ကို ဆုံးရှုံးရသည့်အတွက် တပ်မတော်က နိုင်ငံရေးတွင်   ဝင်ရောက်အာဏာသိမ်းသည့်   အခြေအနေအထိ ကျရောက်ကာ ဒီမိုကရေစီစနစ် ပျက်သုဉ်းခဲ့ရခြင်း ဖြစ်ပါသည်။

ယင်းသို့သော နိုင်ငံ၏ ကြမ္မာဆိုးကို ဖြစ်ပွားစေခဲ့သည်မှာ နိုင်ငံရေး အာဏာကို ဖြတ်လမ်းနည်းဖြင့် ရယူလျှင် ရကောင်း၏ဟူသော လက်နက်အားကိုးကာ    မင်းကိုသတ်လျှင်  မင်းဖြစ်ရနိုးနိုးဟူသည့်  အကြမ်းဖက် သတ်ဖြတ်ရေး စိတ်ထားနိမ့်ကျသေးသိမ်မှုက အစပြုသည်ဟု ဆိုချင်ပါသည်။

လောဘဇောဖြင့်  နိုင်ငံရေးအာဏာရယူလိုခြင်းကပင်  ကြမ်းတမ်း ရိုင်းပျမှုတို့က  ရှေ့တန်းရောက်နေသည့်  သဘောထားပါပင်။  နိုင်ငံရေး အာဏာဟူသည် ပြည်သူလူထု၏ ထောက်ခံမှုဖြင့်သာရယူရမည်ဟူသော အခြေခံနိုင်ငံရေးယဉ်ကျေးမှုကို  မမြင်နိုင်လောက်အောင်  ဖုံးလွှမ်းထားသည့် အာဏာလောဘ မျက်မှန်အမည်းတပ်ထားခြင်းက ယနေ့ထက်တိုင် ပြည်သူလူထုတို့ ခံစားနေရသော ဒုက္ခအပေါင်းတို့၏ ပင်မအကြောင်းရင်း ဖြစ်ပါသည်။

တိုင်းပြည်အတွက်၊ နိုင်ငံအတွက် နိုင်ငံရေးလုပ်ကြရာတွင် နိုင်ငံရေး အာဏာလိုအပ်ပါသည်။  နိုင်ငံရေးလုပ်သူတို့အဖို့  နိုင်ငံရေးအာဏာကို မျှော်မှန်းဆောင်ရွက်ကြသည်ဆိုသည်မှာလည်း  သဘာဝကျပါသည်။ သို့သော်လည်း ယင်းအာဏာကို မည်သို့မည်ပုံ ရယူမည်လဲဆိုသည်ကမူ အာဏာရရှိသည်ဆိုခြင်းထက် ပိုမိုအရေးကြီးပါသည်။

မည်မျှပင်  နိုင်ငံအကျိုးအတွက်  စေတနာကောင်းရှိသည်ဖြစ်စေ၊ ပြည်သူလူထုအတွက်  ကောင်းစေလိုသော  စိတ်ကောင်းရှိသည် ဖြစ်စေ ပြည်သူလူထု၏  ထောက်ခံမှုမရဘဲ  ဆောင်ရွက်နိုင်လိမ့်မည်  မဟုတ်ပါ။ ထို့အတူ ပြည်သူလူထု၏ သဘောမပါဘဲ နိုင်ငံရေးအာဏာရယူဖို့ ကြိုးစားဖို့ မဆိုထားနှင့်၊ တွေးတောစဉ်းစားရန်ပင် မသင့်ပါ။

ယခုမူ   အာဏာလောဘဇောက   အရူးအမူးဖြစ်၊   အာဃာတက လည်းကြီး၊ နိုင်ငံရေးဝါ အနုအရင့်ပေါ်မူတည်ပြီး ပြည်သူမေတ္တာရရှိနေသော လူငယ်တစ်ယောက်၏ ခေါင်းဆောင်မှုအပေါ် မနာလို စိတ်ကလည်း ကြီးပုံရသည်။


မလိုသူတို့ကို      ရှင်းပစ်လိုက်သည်နှင့်    မိမိတို့အာဏာရရှိလိမ့်မည်ဟူသော သိမ်ဖျင်းကြမ်းတမ်းလှသော အတွေးအမြင်တို့က နိုင်ငံတစ်ခု၏ အနာဂတ်ကိုပါ လုပ်ကြံလိုက်ခြင်းပါပဲ။

အာဏာရယူရေးဆိုလျှင်        ပြည်သူလူထုအများစု၏      ထောက်ခံရွေးချယ်မှုကလွဲလျှင်  အခြားနည်းမရှိ။  တခြားသောနည်းလမ်းတစ်ခုခု ဖြင့် ရယူဖို့ မတွေးထိုက်သော သီလတစ်ခုဖြစ်ပါသည်။

အချုပ်အခြာအာဏာကို    ပြည်သူလူထုကသာပိုင်သည်။   မြန်မာနိုင်ငံ၏      အရေးကိစ္စမှန်သမျှကို      မြန်မာပြည်သူတို့ကသာ  ဆုံးဖြတ်ခွင့်ရှိရေး၊ အာဏာကို ပြည်သူထောက်ခံရွေးချယ်သည့် နည်းလမ်းကလွဲ၍ မည်သို့သော အကြမ်းဖက်ရယူခြင်းဖြစ်စေ မြန်မာနိုင်ငံတွင် မပေါ်ပေါက်စေရေးတို့ကို ကြိုးပမ်းအားထုတ်သွားကြမည်ဟု အဓိဋ္ဌာန်ပြုကြပါစို့။    ။

မြန်မာ့အလင်း