ပြည်သူလူထုလိုအပ်ချက် လွှမ်းခြုံ ဆောင်ရွက်

၇  ဇန်နဝါရီ

ပြည်သူလူထုအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံပေးနိုင်ရေးတွင် နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေး ကဏ္ဍများအလိုက် အင်အားတောင့်တင်း ခိုင်မာနေရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေး သမိုင်းကြောင်းတွင် ပြည်သူ့ကျန်းမာရေးကို လွတ်လပ်ရေးရပြီးကာလမှစ၍ ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှုများ လွှမ်းခြုံပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်မှုများရှိခဲ့ပါသည်။

မျက်မှောက်ကာလတွင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလမ်းစဉ် ထောင်စုနှစ်ဖွံ့ဖြိုးမှုပန်းတိုင်များ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ စသည်ဖြင့် ကျန်းမာရေးကဏ္ဍတွင် အဆင့်ဆင့်တိုးတက် ဖော်ဆောင်နေ သည်ကို တွေ့ရပါသည်။ ပြည်သူလူထုအားလုံးအတွက် ကျန်းမာရေး စောင့်ရှောက်မှု တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ရေးမှာ ကြီးမားကျယ်ပြန့်သည့် လုပ်ငန်းပမာဏဖြစ်သော်လည်း ကျန်းမာရေး စီမံချက်အမျိုးမျိုးကို ပြည်သူ လူထုအတွင်း လွှမ်းခြုံအကောင်အထည်ဖော်နိုင်ရန် ထူးထူးခြားခြားကြိုးပမ်း အားထုတ်မှုများကို မြင်တွေ့ရ၍ ဝမ်းမြောက်မိပါသည်။

ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့ပြများတွင် ကုသမှုခံယူရန်လွယ်ကူသော်လည်း ကျေးလက်ဒေသ များတွင် အခက် အခဲများရှိခဲ့ပါသည်။ ယခုအခါ ကျေးလက်ကျန်းမာရေးဌာနများ ဖြန့်ကြက် ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ကျေးလက်နေပြည်သူများအတွက် အရေးပေါ် ကျန်းမာရေးအခက်အခဲများကို ဖြေရှင်းနိုင်သရွေ့ ဖြေရှင်းပေးနိုင်ပြီဟု ဆိုရမည်ဖြစ်သည်။ သို့သော် ဝေးလံခေါင်သီပြီး သွားလာရခက်ခဲသည့် နယ်စွန်နယ်ဖျားဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အလှမ်းဝေးနေဆဲဖြစ်သည်။ အထူးသဖြင့် ထိုဒေသများတွင်တာဝန်ထမ်းဆောင် နိုင်မည့် ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများ လိုအပ်ချက်ပင်ဖြစ်သည်။

ဝေးလံခေါင်သီသောဒေသများမှာ သွားလာရေးမလွယ်ကူသဖြင့် လူမှုဘဝရပ်တည်ရေးအတွက် အခက်အခဲ များစွာရှိသည်။ ထိုခက်ခဲသော ဒေသများတွင် ဒေသခံပြည်သူများအကျိုးကိုထမ်းဆောင်ကြမည့် နိုင်ငံ့ ဝန်ထမ်းများအား ဒေသစရိတ်ခံစားခွင့် ရနိုင်အောင် နိုင်ငံတော်ကသတ်မှတ် ပေးထားသည်။ ဝေးလံခေါင်ဖျားပြီး သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခြောက်ခုတို့တွင် လစာများအပြင် ဒေသစရိတ်များခံစားခွင့် ရရှိအောင် စီမံပေးထားသည်။ ထိုသို့ ဖန်တီးဖော်ဆောင်ပေးသော်လည်း အဆိုပါဒေသများတွင် ပညာရေး၊ ကျန်းမာရေးစသည့် အဘက်ဘက်တို့၌ အခက်အခဲများရှိနေဆဲဖြစ်ရာ ဒေသလိုအပ်ချက်များအား ဖြည့်ဆည်းပေးမည်ဆိုသည့် စိတ်ရင်းစေတနာ မှန်စွာဖြင့် ထမ်းဆောင်သူများ များလာလျှင် ပြည်သူများလိုအပ်ချက်များ ပြည့်စုံလာနိုင်သည်။

ဝေးလံခေါင်သီသည့်ဒေသများမှ တိုင်းရင်းသားလူမျိုးများ လူမှုဘဝ မြှင့်တင်ပေးနိုင်ရန်အတွက် နိုင်ငံတော်က နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပညာရပ်များ၊ သင်တန်းများကို ဒေသခံ တိုင်းရင်းသားပြည်သူများအား စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးပြီး မိမိဒေသလိုအပ်ချက်များ၊ ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများပေး လျက်ရှိသည်။ ပညာရေးကဏ္ဍဘက်တွင် အဆက်မပြတ်ဆောင်ရွက်ပေးနေသလို ကျန်းမာရေးကဏ္ဍတွင်လည်း ဆောင်ရွက် ချက်များ ရှိသည်။ သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသမြောက်ခုမှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ပြီး အသက် မွေးဝမ်းကျောင်းပညာ၊ အဆင့်မြင့်ပညာများ သင်ကြားခွင့်ရသောလူငယ် များအား နိုင်ငံတော်က လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးလျက်ရှိသည်။

သာဓကအားဖြင့် အဆိုပါဝေးလံသောဒေသများမှ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသူများအနက် ဆေးတက္ကသိုလ် အသီးသီးသို့ ဝင်ခွင့်ရသူများဆေးပညာများ သင်ကြားခဲ့ကြပြီး ၂၀၁၉ ခုနှစ်ကုန်တွင် ဆေးရုံအသီးသီးတွင် အလုပ်သင်ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပြီး လက်ထောက်ဆရာဝန်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ကြရတော့မည် ဖြစ်သည်။ အဆိုပါ ဆရာဝန် သစ်လွင်များအနေဖြင့် မိမိတို့နေထိုင်ရာ နေရာ ဒေသများသို့သွားရောက်၍ သင်ကြားထားသည့်ဆေးပညာ၊ ကျင့်ဝတ်များနှင့် အညီ မိမိတို့ဒေသရှိပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် ရန် နိုင်ငံတော်ကစီစဉ်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် ပြည်သူ လူထုလိုအပ်ချက်များကို တစ်နိုင်ငံလုံး လွှမ်းခြုံ ဆောင်ရွက်ပေးရာ၌ မိမိဒေသမှ အသိပညာ၊ အတတ်ပညာတတ်မြောက်ကြသော ပညာတတ် လူငယ်များသည် မိမိဒေသလိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပေးခြင်းဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံဖွံ့ဖြိုး တိုးတက်လာမည့် အစီအမံများဖြစ်ထွန်း လာမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ