ပြည်သူများ အခွန်ပေးဆောင်သည့် အလေ့အကျင့်ကောင်းများ ရရှိရန် အခွန်ပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၁၇ မေ

 

အခွန်အပြည့် အဝ ကောက်ခံရရှိရန်အတွက် အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်ပေးဆောင်သည့် အလေ့အကျင့် ရရှိစေရန်အတွက် အခွန်ပညာပေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

 

ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချို၏ နိုင်ငံတော်အတွက် အခွန်ငွေအများဆုံး ရှာဖွေထည့်ဝင်ပေးကြရမည့် အခွန်ထမ်းကြီးများနှင့် အလယ်အလတ် အခွန်ထမ်းများမှ အခွန်ရှောင်တိမ်းမှု လျော့ကျလာစေရေးအတွက် အခွန်ငွေကို လိုလိုလားလားနှင့် ပြည့်ပြည့် ဝ၀ ထမ်းဆောင်လာမှုအပေါ် နိုင်ငံတော်မှ အသိအမှတ်ပြု ပြန်လည်ဂုဏ်ပြုသည့် သဘောဖြင့် မက်လုံးပေး ဆွဲဆောင် အခွန်ထမ်းဆောင်စေသော စနစ် Incentive Payable Taxation System မျိုးပြောင်းလဲဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခွန်တာဝန်ကျေပွန်သူများသို့ ချီးမြှင့်မှုအနေဖြင့် လတ်တလော အခြေအနေအရ အခွန်အများဆုံး ထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်း ၁၀ဝ၀ စာရင်းကို ထုတ်ပြန်ကြေညာပေးခြင်း၊ အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အခွန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ကြေညာပေးခြင်းတို့ကို ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရကိုယ်စား ထုတ်ပြန်ပေးလျက် ရှိပါကြောင်း။

 

၂၀၁၈ ခုနှစ် မတ် ၃ ရက်တွင် နိုင်ငံတော်သမ္မတကိုယ်တိုင် သမ္မတအိမ်တော်၌ ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ ၁၀ ဦး၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သူ ၁၀ ဦးကိုလည်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ထို့သို့ ဆောင်ရွက်ခြင်းဖြင့် အဖွဲ့အစည်းအတွက်လည်းကောင်း၊ လူပုဂ္ဂိုလ်အတွက်လည်းကောင်း စံနမူနာပြသည့်အနေဖြင့် နိုင်ငံတော်အဆင့်မှ ဂုဏ်ပြုခြင်းဖြစ်ပြီး ပုဂ္ဂိုလ်၊ အဖွဲ့ အစည်း၏ ဂုဏ်သိက္ခာမြင့်မားစေခြင်းနှင့် လုပ်ငန်းအတွက် အမည်ကောင်း ဂုဏ်သတင်း ရရှိစေပါကြောင်း၊ နိုင်ငံတော်အတွင်း အများနည်းတူ အခွင့်အလမ်းများ ရယူခံစားနေပြီး အခွန်ပေးဆောင်ထိုက်သော ဝင်ငွေရှိပါလျက် အခွန်မပေးဆောင်လိုသူများကိုလည်း အခွန်ပေးဆောင်လိုစိတ် ဖြစ်ပေါ်လာစေရန်ကိုလည်း ရည်ရွယ်ပါကြောင်း။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု မြင့်မားလာစေရန်နှင့် ကဏ္ဍအလိုက် တိုးတက်ဖွံ့ဖြိုးစေရန် အခွန်ဆိုင်ရာ မက်လုံးပေးမှုများဖြစ်သော အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ဒေသအလိုက်၊ အချိန်ကာလအလိုက် ခွင့်ပြုပေးထားပါကြောင်း၊

 

ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝကောက်ခံရရှိ နိုင်ရန်အတွက် အခွန်ဆိုင်ရာ အသိပညာများ ကျယ်ပြန့်စွာပြုလုပ်ပြီး ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၃၈ တွင်လည်းကောင်း၊

 

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၃၄ တွင် လည်းကောင်း ဆုပေး၊ ဒဏ်ပေးစနစ်ကို အခွန်ဆိုင်ရာ ဆွဲဆောင်မှုအနေဖြင့် ထည့်သွင်းပြဋ္ဌာန်းပေးခဲ့သည့်အပြင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၃၇၊ ပုဒ်မခွဲ(က)တွင် အခွန်ဆိုင်ရာ တာဝန်ကျေပွန်သည့် အခွန်ဝန်ထမ်းများ၊ အခွန် ထမ်းပြည်သူများအားလုံးကို အသိအမှတ်ပြုခြင်း၊ ထိုက်သငေ့်သာချီးမြှင့်မှုများ စီမံဆောင်ရွက်ပေးခြင်း ပြုလုပ်ပေးရမည်ဟု ပြဋ္ဌာန်းထားခဲ့ပါကြောင်း၊

 

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင်လည်း အဆိုပါပြဋ္ဌာန်းချက်များကို ဆက်လက်ပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

MDN