ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) ကွင်းဆင်းဆောင်ရွက်ပေး

မယ်စဲ့  ၈ အောက်တိုဘာ 

 

ပြည်သူများ၏လိုအပ်ချက်များကို တစ်နေရာတည်း၊ တစ်ပြိုင်တည်းတွင် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)က ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများကို အောက်တိုဘာ ၇ ရက်မွန်းလွဲ ၂ နာရီက မယ်စဲ့မြို့နယ်၊ လမ်းဆုံကျေးရွာခန်းမဆောင်၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖက ဥပဒေပြုရေး၊ အခွန်အကောက်ဥပဒေ ပြင်ဆင်အတည်ပြုရေးလုပ်ငန်းများကို လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလင်းလင်းက ကျေးရွာအတွက် လိုအပ်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြပေးစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးသစ်ကို မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်တွင် ဖွင့်လှစ်၍ ဆောင်ရွက်ပေးနေကြောင်းနှင့် ကျေးရွာပြည်သူများထံအရောက် ရွေ့လျားဝန်ဆောင်မှုပေးရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ အလုပ်သမားဝ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ခင်က နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားခြင်း၊ အိမ်ထောင်စုစာရင်း၊ ပုံစံ(၁၀)၊ မွေးဖွားသူဦးရေတိုးခြင်း၊ သေဆုံးပယ်ဖျက်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မြို့နယ်ဦးစီးမှူး ဦးစိုးလှိုင်ဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် မြစိမ်းရောင်ချေးငွေ အတိုး၊ အရင်းများ အချိန်မီ ပေးဆပ်ရေးကိုလည်းကောင်း၊ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်စန်းက လျှပ်စစ်မီတာများ ယူနစ်အလွှာအလိုက် မီတာကောက်ခံမှု နှုန်းထားများကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမြင့်ဌေးက လူကုန်ကူးမှု အကြောင်းအရာများကိုလည်းကောင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပုံစံ(၁၀၅)၊ ပုံစံ(၇)နှင့် မြေလွတ်မြေရိုင်းများ လျှောက်ထားမှုနှင့် ပတ်သက်၍ လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူးက မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ပံ့ပိုးပေးနေမှုများ ကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသော ပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မွေးဖွားသူဦးရေတိုးပေးခြင်း၊ သေဆုံးစာရင်းပယ်ဖျက်ပေးခြင်း၊ ပုံစံ(၁၀)ဖြင့် အိမ်ထောင်စုစာရင်းဝင်ခြင်းတို့ကို ဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)