ပြည်သူများ၏မျှော်လင့်ချက်ကို ဖော်ဆောင်

mdn

နေပြည်တော် ၂၂ ဒီဇင်ဘာ

 

ပြည်သူများ ရောင်းဝယ်ဖောက်ကားရေးလုပ်ငန်း ဆောင်ရွက်မှုမှအစ နေ့စဉ်နှင့် အမျှမဖြစ်မနေကိုင်တွယ်သုံးစွဲကြရသည့် ကြားခံပစ္စည်းတစ်မျိုးမှာ ငွေစက္ကူ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘီစီရှစ်ရာစုနှစ်ခန့်မှ စတင်ပြီး ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများ သွန်းလုပ်၍ တန်ဖိုးကိုအစိုးရက အသိအမှတ်ပြုသည်ဟု စာတန်းခတ်နှိပ် ပြီးလျှင် ကူးသန်းရောင်းဝယ်မှုတွင် အသုံးပြုခဲ့ကြသည်။

 

ထိုရှေးရှေးကာလမှစ၍ ကြားခံပစ္စည်း ရွှေ၊ ငွေ၊ ကြေးတို့၏ အစိုးရအသိ အမှတ်ပြုအမှတ်တံဆိပ်တို့ကို ထိုခေတ်ကာလ ပြည်သူအများကြည်ညို လေးစားတန်ဖိုးထားသည့် နိုင်ငံ့ဦးသျှောင် ဘုရင်၊ ခေါင်းဆောင်၊ အမျိုးသား ခေါင်းဆောင်တို့၏ ရုပ်ပုံများကိုအသုံးပြုခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး ငွေကြေးပစ္စည်း များသုံးစွဲခဲ့ကြသည်။ နိုင်ငံ့ဦးသျှောင်ပုံကိုသုံးစွဲခြင်းထက် နိုင်ငံအထွတ်အမြတ် ထားရာ ဒေါင်းတံဆိပ်အမှတ်အသားများ သုံးစွဲခဲ့ကြသည်။

 

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသောအခါ ငွေအကြွမျေားကို နီကယ်ဖြင့် ပြုလုပ်ပြီး ခေါင်းဘက်တွင် ခြင်္သေ့ပုံနှင့်ပန်းဘက်တွင် ငွေကြေးတန်ဖိုးနှင့် ခုနှစ်ကိုဖော်ပြထားသည်။ ၁၉၅၂ ခုနှစ်တွင် ငွေကြေးအသစ်သုံးစွဲမှုကို စတင်ခဲ့ ပြီးနောက် ၁၉၅၃ ခုနှစ်တွင် ခြင်္သေ့ပုံပါငွေအကြွစေနစ်ကို ရပ်ဆိုင်းခဲ့သည်။ အသစ်ထုတ်ဝေသောငွေစက္ကူများတွင် ဥဒေါင်းပုံရေစာများပါရှိပြီး ၁၉၅၈ ခုနှစ် ဒုတိယအကြိမ်ထုတ်ဝေသောအခါ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ရုပ်ပုံများ ၁၉၈၈ ခုနှစ် မတိုင်မီကာလအထိ ပါရှိခဲ့သည်။

 

ထို့နောက် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံများ ပျောက်ကွယ်ခဲ့ပြီး ခြင်္သေ့ရုပ်ပုံပါသည့် ငွေစက္ကူများကို ယနေ့ထက်တိုင် ကိုင်တွယ်အသုံးပြုလျက်ရှိရာ အများပြည်သူတို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများအသုံးပြုလိုသည့် သဘောဆန္ဒများ ရှိနေကြသည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများ အသစ်ထပ်မံရိုက်နှိပ်ထုတ်ဝေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကပြုလုပ်သော ပထမအကြိမ် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ဖူးရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများထပ်မံထုတ်ဝေရန်ရှိသောအချိန်၌ အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့်ပုံများ ရိုက်နှိပ်ထုတ်ဝေ သွားမည်ဟု ရှင်းလင်းတင်ပြခဲ့ဖူးသည်။

 

ယခု ပြည်သူ့အစိုးရတာဝန်ယူသောအချိန်အခါတွင် ပြည်သူများမျှော်လင့် တောင့်တခဲ့သည့် ငွေစက္ကူ အိပ်မက်အကောင်အထည် ပေါ်လာပြီဟု ဆိုရမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအသစ်များ ယခုနှစ်ကုန်တွင် ရိုက်နှိပ် ထုတ်ဝေရန်စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ ယခုဒီဇင်ဘာလ ၂၀ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငွေစက္ကူပုံစံသစ်အမျိုးမျိုးကို ထုတ်ဝေရန် ဆောင်ရွက်လျက်ရှိရာ တစ်ထောင်ကျပ်တန်ငွေစက္ကူပုံစံအသစ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေးနေ့)တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း တရားဝင်အသိပေးပြောကြားခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအသစ်ကို ထုတ်ဝေလိုက်ခြင်းသည် ပြည်သူများ၏မျှော်လင့်ချက်ဆန္ဒများကို ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှင့် သက်ဆိုင်ခြင်းမရှိသည့်အပြင် ပုဂ္ဂိုလ်ရေးအရသော် လည်းကောင်း၊ အမှတ်အသားအရသော်လည်းကောင်း ရည်ရွယ်ဆောင်ရွက်ခြင်း မဟုတ်ဘဲ နိုင်ငံ့အကျိုးကို ရှေးရှုဆောင်ရွက်ခြင်းသာဖြစ်သည်။ လက်ရှိသုံးစွဲ နေသော တစ်ထောင်ကျပ်တန်ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ကျန်ရှိနေသေးသော ငွေစက္ကူများတွင်လည်း အလျဉ်းသင့်သလို ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာများပါရှိလာမည်ကို မျှော်လင့်နေကြမည်ဖြစ်သည်။

 

သို့ဖြစ်ရာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူအသစ်ထုတ်ဝေလိုက်ခြင်းသည် နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် သုံးစွဲနေကြသော ငွေကြေးအစဉ်အလာအတိုင်း မိမိတို့ ကိုင်တွယ်သုံးစွဲနေကြသော ငွေကြေးဂုဏ်ဒြပ်ကို မြှင့်တင်ခြင်းနှင့် ပြည်သူများ မျှော်လင့်တောင့်တခဲ့ကြသော ငွေကြေးအိပ်မက်တစ်ခုကို ဖော်ဆောင်ပေး လိုက်ခြင်းလည်းဖြစ်ပါကြောင်း။ ။

 

ကြေးမုံ