ပြည်သူများက စောင့်ကြည့်နေ

၁၃  ဇူလိုင်

 

“ကျွန်မတို့အစိုးရရဲ့ ရေရှည်မျှော်မှန်းချက်က ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နေကြရပြီလို့ ယုံကြည်ပါတယ်၊ ကျွန်မတို့ မျိုးဆက်သစ်တွေအတွက် စစ်မက်ကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ဖို့၊ ကျွန်မတို့ရှေ့က ခေါင်းဆောင်ကြီးတွေ အားလုံးရဲ့ မျှော်မှန်းချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ဖို့၊ စစ်မက် ပဋိပက္ခတွေကြားမှာ နစ်မွန်းနေခဲ့ရတဲ့ မျှော်လင့်ချက်တွေကို လင်းလက်တောက်ပလာစေဖို့ ကျွန်မတို့ မလျှော့တဲ့ စိတ်အင်အားနဲ့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

 

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ခေတ်အဆက်ဆက် မျှော်လင့်ခဲ့ရပြီး ဝေးကွာခဲ့ရတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ဖို့ ကျွန်မတို့အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အားထုတ် ကြိုးပမ်းသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားလိုပါတယ်၊ ဘယ်သူတွေဟာ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားတယ်၊ ဘယ်သူတွေဟာ ပြည်ထောင်စုအကျိုးကို ကိုယ့်အကျိုး၊ ကိုယ့်အစုအဖွဲ့အကျိုးထက် တန်ဖိုးထားတယ်ဆိုတာ ဒီ(၂၁)ပင်လုံညီလာခံ အစည်းအဝေးတွေမှာ ပေါ်လွင်လာမှာပါ၊ ပြည်သူတွေက ကြည့်နေကြပါတယ်၊ ပြည်သူတွေက သိလာကြမှာပါ”ဟု နိဂုံးချုပ်အမှာစကားတွင် အသိပေးပြောကြားထားသည်။

 

ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော် အစိုးရ၏ ရေရှည်မျှော်မှန်းချက်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဖြစ်သည်။ လက်ရှိတွင် အဆိုပါ မျှော်မှန်းချက်ကို တတိယအစည်းအဝေးအစတွင် လင်းလင်းလက်လက် မြင်တွေ့လာရပြီဖြစ်သည်။ ထိုသို့ အကောင်အထည် ပေါ်လာခြင်းသည် နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက် သက်သက်မဟုတ်ဘဲ အနာဂတ် မျိုးဆက်သစ်များအတွက် တည်ငြိမ်အေးချမ်းသည့် ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ရေး၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့သည့် ရှေ့သွားခေါင်းဆောင်များ၏ မျှော်မှန်းချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရေး၊ စစ်ပွဲများကြားတွင် မြေစာပင်ဖြစ်ခဲ့ကြရသည့် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက် အလင်းရောင်များ ပေါ်ထွက်လာစေရေးအတွက် နိုင်ငံတော်အစိုးရက အားကြိုးမာန်တက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

တိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များမှာ နှစ်ပေါင်းရှည်ကြာခဲ့ရပြီး ပြည်သူလူထု ငံ့လင့်နေသော အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို စုစည်းညီညွတ်သော စွမ်းအားများဖြင့် မျက်ခြည်မပြတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ကြဉ်းပေးကြရမည် ဖြစ်သည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော အင်အားစု အသီးသီးအနေဖြင့်လည်း တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ မျှော်လင့်ချက်နှင့် ထပ်တူလှုပ်ရှားသက်ဝင် ပါဝင်လာကြပြီဖြစ်ရာ ယခု တတိယအစည်းအဝေးကြီး အပြီးတွင် ငြိမ်းချမ်းရေး တစ်ဆင့်တက်ခရီးအတွက် ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးသို့ အင်အားစုများအနေဖြင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးတို့ကို ဦးတည်ရည်မှန်းကာ တညီတညွတ်တည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင် တက်ရောက်ဆွေးနွေး နေကြပြီဖြစ်၍ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အင်အားစုတို့က ထာဝရငြိမ်းချမ်းရေး၊ ပြည်ထောင်စုကြီး အရေးတို့အား ပိုမိုတန်ဖိုးထား လိုလားနှစ်သက် ဆောင်ရွက်နိုင်ကြလိမ့်မည်ကို တစ်နိုင်ငံလုံးမှ တိုင်းရင်းသားပြည်သူတို့က စောင့်ကြည့်အကဲခတ် လေ့လာသုံးသပ်နေကြပါကြောင်း။ ။

 

ကြေးမုံ