ပြည်သူ့နီတိသင်တန်းကျောင်း

mdn

သတင်းဆောင်းပါး - ကောင်းသန့်

 

နေပြည်တော်ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းက သူတို့ကျောင်းများမှ ဆရာ ဆရာမများကို ပြည်သူ့နီတိ လေ့ကျင့်သင်ကြားပေးရန် ဖိတ်သည်။ 

 

ကျွန်တော်တို့ သုံးဦးကို နာမည်တပ်ဖိတ်သည်။ ကျွန်တော်တို့သုံးဦးက ကျောင်းဆရာ အငြိမ်းစား များဖြစ်ကြသည်။ ဆရာမောင်ဒီပ (ပညာရေး)က စိန်ပေါလ်ကျောင်း (အထက-၆၊ ဗိုလ်တထောင်) ကျောင်းအုပ်ကြီးအဖြစ် နှစ်အကြာကြီးလုပ်ပြီးမှ အုပ်ချုပ် ရေးပိုင်းပြောင်းပြီး ဒုတိယညွှန်ကြားရေးမှူး ရာထူးဖြင့် အငြိမ်းစားယူခဲ့သည့် ကျောင်းဆရာဟောင်းတစ်ဦး ဖြစ်သည်။

 

 ဆရာအောင်ခိုင်မြင့် (ပညာရေး)က မြို့မကျောင်း (အထက-၂၊ ဒဂုံ)ကျောင်းအုပ်ကြီးလုပ်ပြီး အုပ်ချုပ် ရေးပိုင်းပြောင်းသွားကာ ညွှန်ကြားရေးမှူးရာထူးဖြင့် အငြိမ်းစားယူခဲ့သည့် ကျောင်းဆရာဟောင်း တစ်ဦးလည်း ဖြစ်သည်။

 

ကျွန်တော်က လုပ်သက် ၁၉ နှစ်တွင် လက်ထောက် ကထိက အင်္ဂလိပ်စာဌာန၊ ရန်ကင်း ဆရာအတတ်သင်သိပ္ပံ (ယခုရန်ကင်းပညာရေးကောလိပ်)မှ အလုပ်နုတ်ထွက်ပြီး စာပေလောကထဲ တိုးဝင်ခဲ့သည့် ကျောင်းဆရာဟောင်း တစ်ဦးဖြစ်သည်။ 

 

တစိုက်မတ်မတ်လုပ် 

 

ကျွန်တော်တို့ သုံးဦးက ရန်ကုန်မြို့တော်ဝန်ဆု ပြည်သူ့နီတိစာမေးပွဲကျင်းပရေးကော်မတီတွင် ပညာရှင် များအဖြစ် ဖိတ်ခေါ်တာဝန်ပေးခြင်းခံခဲ့ရသဖြင့် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ပြည်သူ့နီတိလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ခဲ့ကြသည်။ 

 

ယခုအချိန်တွင် ပြည်သူ့နီတိအသိပညာပေး လုပ်ငန်းကို မဖြစ်မနေလုပ်သင့်သည်ဟု ယုံကြည်သော ကြောင့် အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ဆောင်နေကြပါသည်။ 

 

ပြည်သူ့နီတိအသိပညာ ပြန့်ပွားထွန်းကားရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၃ မြို့နယ်ကို တစ်မြို့နယ် တစ်ကျောင်းစီ မြန်မာစာရေးဆရာကလပ် အဖွဲ့ဝင် စာရေးဆရာများနှင့် မိတ်ဆွေစာရေးဆရာများက လိုက်လံဟောပြောခဲ့ပါသည်။ 

 

ရန်ကုန်မြို့တော်ဝန်ဆု ပြည်သူ့နီတိအသိပညာပေး ရေးဖြေပြိုင်ပွဲကိုလည်း အောင်အောင်မြင်မြင် ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ 

 

စည်းရုံးဟောပြော 

 

ကျောင်းသားများကို ပြည်သူ့နီတိအသိပညာပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများတွင် အောင်အောင်မြင်မြင် စည်းရုံးဟောပြောနိုင်ခဲ့ပါသည်။ 

 

သို့သော် ကျောင်းအားလုံးသို့ ကျွန်တော်တို့ လိုက်မဟောပြောနိုင်ပါ။ ကျောင်းသားများကို ဆက်လက်ပြီး ပြည်သူ့နီတိအသိပညာပေးမည့်သူများက သက်ဆိုင်ရာ ကျောင်းများရှိ ဆရာ ဆရာမများ ဖြစ်ပါသည်။ ထို့ကြောင့် ဆရာ ဆရာမများကို ပြည်သူ့နီတိအသိပညာသင်တန်း ပေးရသော် ကောင်းလေစွဟု စိတ်ထဲတွင် ခံစားပြီး သင်တန်းပို့ချပေးရန် စိတ်ကူးအိပ်မက် မက်ခဲ့ပါသည်။ 

 

ရေငတ်သူ ရေတွင်းထဲကျဆိုသကဲ့သို့ ထိုအချိန်တွင် နေပြည်တော်မှ ကိုယ်ပိုင်အထက်တန်းကျောင်းအသင်း အတွင်းရေးမှူး ပညာပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာကြီးကောင်းထက်အောင်က လာဟောပြောမည့်အစား သင်တန်းလာပို့ချပေးရန် ဖိတ်ခေါ်ခဲ့ပါသည်။ 

 

သို့နှင့် နေပြည်တော် ACE ကိုယ်ပိုင်အထက်တန်း ကျောင်းဖွင့်လှစ်သည့် ပြည်သူ့နီတိအသိပညာပေးသင်တန်း ကို သွားရောက်ပို့ချခဲ့ပါသည်။

 

 ကျွန်တော်က အထက်တန်းအဆင့်၊ ဆရာမောင်ဒီပက အလယ်တန်းအဆင့်၊ ဆရာ အောင်ခိုင်မြင့်က မူလတန်း အဆင့် တာဝန်ယူရန် စီစဉ်တိုင်ပင် ဆောင်ရွက်ခဲ့ကြပါသည်။ ကျွန်တော်တို့ တစ်နေ့ ခြောက်နာရီနှင့် နှစ်ရက် သင်တန်းပို့ချဆွေးနွေးကြပါသည်။ 

 

အလျဉ်းသင့်သလိုဆွေးနွေး 

 

ဆရာ ဆရာမများ စိတ်ဝင်စားကြပါသည်။ သင်တန်းရက်တိုးဖို့ တောင်းဆိုကြပါသည်။ ကျွန်တော်တို့ မအား၍ တိုးမပေးနိုင်ခဲ့ပါ။ နှစ်ရက်နှင့် မလုံလောက် မှန်းသိပါသည်။ ကျွန်တော်တို့က ပြည်သူ့နီတိသာမက စနစ်သစ်ပညာရေး၊ နိုင်ငံတကာပညာရေးအကြောင်းကိုလည်း အလျဉ်းသင့် သလို ဆွေးနွေးခဲ့ကြပါသည်။ 

 

ကျွန်တော်တို့ချည်း ဟောပြောနေတာမျိုးမဟုတ်ဘဲ သူတို့စိတ်ကူးအတွေးအခေါ် အကြံဉာဏ်များကို ရယူ လိုသောကြောင့် အလုပ်ရုံဆွေးနွေးပွဲအသေးစားလည်း ဖန်တီးပြီး သူတို့ကို အားတက်သရော ပါဝင်စေပါသည်။ 

 

သူတို့ကိုယ်တိုင်တွေး၊ သူတို့ကိုယ်တိုင်ရေး၊ သူတို့ ကိုယ်တိုင်အတန်းရှေ့ထွက်ပြီး ပြောဆိုတင်ပြ ဆွေးနွေးကြပါသည်။ ပြည်သူ့နီတိကို သူတို့ကိုယ်တိုင်သိ၊ သူတို့ကိုယ်တိုင် စိတ်ဝင်စားပြီး ကျောင်းသားတွေကို ဘာသာရပ်တွေ သင်ကြားရင်း ပါးပါးလေးထည့်သွင်းပြောဆိုလမ်းညွှန် သွားလျှင် ရလဒ်ကောင်းတွေ ရလာမှာသေချာသည်။ 

 

ရပ်ကွက်၊ မြို့၊ ရွာထဲက လူငယ်တွေကိုလည်း ပြန်/ဆက်ရုံးများတွင် ပြည်သူ့နီတိ လူငယ်စကားဝိုင်းတွေ ပြုလုပ်သွားလျှင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူငယ်တွေလည်း ပြည်သူ့နီတိ သိလာကြလိမ့်မည်။ 

 

လိုနေတာက ဝန်ထမ်းတွေ။ ထိုဝန်ထမ်းများကို ပြည်သူ့နီတိအသိပေးသင့်၊ မပေးသင့် ဆန္ဒမဲ ကောက်ယူ လျှင် ပေးသင့်သည့်ဘက်က အနိုင်ရလိမ့်မည်ဟု ကျွန်တော် ယုံကြည်နေပါသည်။ 

 

အမှန်တကယ်လိုအပ် 

 

ပြည်သူတွေကို ဝန်ဆောင်မှုပေးနေသော ပြည်သူ့ ဝန်ထမ်းများကို ပြည်သူ့နီတိ အသိပညာပေးမည်ဆိုလျှင် ဘယ်နေရာမှာ ပေးသင့်ပါသနည်း။ သင်တန်းကျောင်း တစ်ကျောင်း အမှန်တကယ်လိုအပ်ပါသည်။

 

 ထိုသင်တန်းကျောင်းတွင် ပြည်သူ့ဝန်ထမ်း ဆိုသည်မှာ “ဝန်ထမ်းကောင်းမှ တိုင်းပြည် ကောင်းမည်”၊ “လူ့အခွင့်အရေးနှင့် တာဝန်”၊ နိုင်ငံသားကောင်းဖြစ်စေ ရေး၊ နိုင်ငံကြီးသားပီသစေသော ပြုမူ၊ ပြောဆို လုပ်ကိုင်မှုများ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ စာရိတ္တ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ စည်းကမ်းနှင့်လွတ်လပ်ခွင့်၊ နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့်နှင့်တာဝန်၊ သဘာဝ ပတ်ဝန်းကျင် ချစ်ခင်မြတ်နိုးတန်ဖိုးထား ထိန်းသိမ်း ကာကွယ်လိုစိတ်နှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း ဖန်တီးတည်ဆောက်ရေးတို့ကို တစ်ဦးချင်း ပါဝင်ဆွေးနွေး ဝေဖန်သုံးသပ် ဆုံးဖြတ်ချက်ချ ဆောင်ရွက်မည်။ 

 

ကာကွယ်စောင့်ရှောက် 

 

သင်တန်းဆင်းသွားသော ဝန်ထမ်းများနှင့် လူမှုကွန်ရက်ဖွဲ့ကာ လက်ရှိတွေ့ကြုံနေရသော အခက်အခဲ များ၊ ဝေဖန်အကြံပြုချက်များကို သင်တန်းကျောင်းမှ လက်ခံဆွေးနွေးအကြံပေး ကူညီသွားမည်။ ပြုပြင် ပြောင်းလဲလိုစိတ်ရှိပြီး မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင် ရွက်လိုသော ဝန်ထမ်းများကို စိတ်ဓာတ် ခွန်အားပေး ထောက်ခံမည်။ လိုအပ်လျှင် ထိုဝန်ထမ်းများ၏ အခြေ အနေမှန်များကို လူကြီးများထံ တင်ပြပြီး ကာကွယ် စောင့်ရှောက်ပေးမည်။ 

 

ပြည်သူ့နီတိသင်တန်းကျောင်းသည် ဝန်ထမ်းများအား စိတ်ဓာတ်မြှင့်တင်ပေးရုံသာမက နိုင်ငံသားကောင်း၊ ဝန်ထမ်းကောင်းဖြစ်စေသော အတွေးအမြင်၊ အသိတရား တို့ကို သူတို့ဘာသာ ပြောဆိုဆွေးနွေးရင်း ရရှိသွားစေရန် ရည်ရွယ်သည်။ 

 

ဝန်ထမ်းများကိုယ်တိုင် လိုလားအားထားသော သင်တန်းကျောင်းတစ်ခုဖြစ်ရေးအတွက် ပြည်သူ့နီတိ စိတ်ဓာတ်ရှိသူတိုင်း ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။ ။