ပြည်သူ့ဝန်ထမ်းများက နိုင်ငံ့ဘဏ္ဍာအား အလွဲသုံးစားပြုလုပ်ပါက ပြန်ပေးလျော်စေခြင်းသည် အဂတိတိုက်စားမှုကို လျှော့ချရာ ရောက်၊ မရောက် မေးမြန်း

နေပြည်တော် ၂၃ ဇူလိုင်

 

ပြည်သူ့ဝန်ထမ်းများသည် နိုင်ငံ့ဘဏ္ဍာကို အလွဲသုံးစားပြုလုပ်ကြောင်း စစ်ဆေးပေါ်ပေါက်လာပါက အလွဲသုံးစား ပြုလုပ်သော ငွေကြေးပမာဏအား ပြန်လည်ပေးလျော်စေခြင်းသည် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိဟု မဆိုနိုင်သော်လည်း အဂတိလိုက်စားမှုကို လျှော့ချနိုင်တယ်လို့ ကောက်ယူရန် လုံလောက်မှု ရှိနိုင်မည်မဟုတ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်သန်းမြင့်က ပြောသည်။

 

ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၏ “ပြည်သူ့ဝန်ထမ်းများက နိုင်ငံ့ဘဏ္ဍာအား အလွဲသုံးစားပြုလုပ်ပါက ပြန်ပေးလျော်စေခြင်းသည် အဂတိတိုက်စားမှုကို လျှော့ချရာ ရောက်၊ မရောက် သိရှိလိုခြင်း မေးခွန်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်သန်းမြင့်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်သန်းမြင့်က “ပြည်သူ့ဝန်ထမ်းများ၏ နိုင်ငံဘဏ္ဍာ အလွဲသုံးစားပြုခြင်းနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကို လေ့လာတဲ့အခါ ပြည်သူ့ဝန်ထမ်းက ယုံကြည်အပ်နှံထားသည့် ပစ္စည်းအား အလွဲသုံးစားပြုခြင်းကို ရာဇသတ်ကြီး ပုဒ်မ ၄၀၉ အရလည်းကောင်း၊  ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားပြုခြင်းကို ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)အရလည်းကောင်း၊ အများနှင့် သက်ဆိုင်သောပစ္စည်း အလွဲသုံးစားပြုခြင်းကို ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၃ အရလည်းကောင်း၊ အရေးယူရန် ပြဋ္ဌာန်းထားသည်ကို တွေ့ရပြီး အထက်ပါပြဋ္ဌာန်းချက်များသည် နိုင်ငံ့ဘဏ္ဍာအား အလွဲသုံးစားပြုသည့် ပြည်သူ့ဝန်ထမ်းအပေါ်မှာ တရားစွဲဆိုသည့် ကိစ္စများဖြစ်ပါကြောင်း။

 

ဒါ့အပြင် နိုင်ငံ့ဘဏ္ဍာကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးခြင်းနှင့် ပတ်သက်၍လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃ (က) ၂ မှာ တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုများ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းကို အဂတိလိုက်စားမှုအဖြစ် ထည့်သွင်းပြဋ္ဌာန်းထားပါကြောင်း။

 

ပြည်သူ့ဝန်ထမ်းအား နိုင်ငံ့ဘဏ္ဍာ အလွဲသုံးစားပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀ ပါ တာဝန်များတွင် ပုဒ်မခွဲ (ဃ)၌ နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ကို ပြဋ္ဌာန်းထားပြီး ယင်းတာဝန်ကို ပျက်ကွက်ပါက ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် ဌာနဆိုင်ရာ နည်းလမ်းများအရ အရေးယူနိုင်ကြောင်း ပုဒ်မ ၃၈ မှာ ပြဋ္ဌာန်းထားပါကြောင်း။

 

အဆိုပါတာဝန်ကို ပျက်ကွက်ခြင်းအတွက် ဝန်ထမ်းအပေါ်မှာ ဌာနဆိုင်ရာအရေးယူမှုတွင် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်များကို ပြစ်ဒဏ် ၉ မျိုးအနက် ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်ကြောင်းနှင့် ဆုံးရှုံးသည့်တန်ဖိုးကို ပေးလျော်စေရန် ဥပဒေပုဒ်မ ၅၃ (စ)နှင့် နည်းဥပဒေ ၂၁၀၊ နည်းဥပဒေခွဲ (စ)တို့မှာ ပြဋ္ဌာန်းထားကြောင်း၊  အဆိုပါပြဋ္ဌာန်းချက်အရ နိုင်ငံ့ဘဏ္ဍာအလွဲသုံးစားပြုလုပ်တဲ့ ဝန်ထမ်းအပေါ် ဌာနဆိုင်ရာ အရေးယူမှုတွင် ပြစ်ဒဏ်တစ်ရပ်ရပ်ချမှတ်ပြီး ဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်စေခြင်းမှာ နိုင်ငံတော်ဘဏ္ဍာ မဆုံးရှုံးစေရေးအတွက် ပြန်လည်ရရှိအောင် ဆောင်ရွက်ခြင်းနှင့် နောင်အလားတူကိစ္စမျိုး မဖြစ်ပေါ်စေရေးအတွက် တားဆီးကာကွယ်ခြင်း ဖြစ်နိုင်ကြောင်း။

 

သို့ဖြစ်၍ ပြည်သူ့ဝန်ထမ်းများသည် နိုင်ငံ့ဘဏ္ဍာကို အလွဲသုံးစားပြုလုပ်ကြောင်း စစ်ဆေးပေါ်ပေါက်လာပါက အလွဲသုံးစားပြုလုပ်သော ငွေကြေးပမာဏအား ပြန်လည်ပေးလျော်စေခြင်းသည် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိဟု မဆိုနိုင်သော်လည်း အဂတိလိုက်စားမှုကို လျှော့ချနိုင်တယ်လို့ ကောက်ယူရန် လုံလောက်မှုရှိနိုင်မည် မဟုတ်ပါ။ အဂတိလိုက်စားမှုကို လျှော့ချရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူအပြစ်ပေးခြင်း သို့မဟုတ် အဂတိလိုက်စားမှုမဖြစ်ပေါ်မီ ကြိုတင်တားဆီးကာကွယ်ခြင်း နည်းလမ်းများကို ကျင့်သုံးမှသာ အဂတိလိုက်စားမှု လျှော့ချနိုင်မှာဖြစ်ကြောင်း” ရှင်းလင်းဖြေကြားခဲ့သည်။

 

MDN