ပြည်ထဲရေးဝန်ကြီးဌာန မိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲ အခမ်းအနားများ ကျင်းပ

နေပြည်တော် ဧပြီ ၁၇

ပြည်ထဲရေးဝန်ကြီးဌာန မိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ်  ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ နံနက် ၇ နာရီခွဲက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းနှင့် ဇမ္ဗူကျက်သရေလမ်းထောင့်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင်၏ ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး နှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး နှင့် ဇနီးတို့ ဦးဆောင်ကာ ငါးခုံးမနှင့် ငါးကြင်းအကောင်ရေ (၃၀၀၀) ကို မင်္ဂလာကန်တော်အတွင်းသို့ ဇီဝိတဒါနအဖြစ် ကုသိုလ်ပြုလွှတ်ပေးခဲ့သည်။  
  
ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ သက်ကြီးဘိုးဘွားများ ကန်တော့ပွဲအ ခမ်းအနားကို နံနက် ၉ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၀) ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊  စုစည်းခန်းမ၌  ကျင်းပသည်။ 

အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ အတူနေမိသားစုဝင် အသက် (၈၀)နှင့်အထက် အဘိုးအဘွား (၁၀၁) ဦး တို့အနက် အခမ်းအနားသို့ တက်ရောက်နိုင်သူ အဘိုး (၉) ဦး၊ အဘွား (၁၆) ဦး စုစုပေါင်းအဘိုးအဘွား (၂၅) ဦးတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့်ဇနီးတို့ ဦးဆောင်ကာ မြန်မာ့ဓလေ့ထုံးတမ်းအစဉ် အလာနှင့်အညီ နှစ်သစ်ကူးကန်တော့ ပစ္စည်းများဖြင့် လှူဒါန်းပူဇော် ကန်တော့ခဲ့ကြပြီး ကန်တော့ခံ အဘိုးအဘွားများကိုယ်စား အဘွား ဒေါ်သန်းသန်းနွဲ့ က ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားသည်။ 

ယနေ့အခမ်းအနားတွင် အသက်(၈၀)နှင့်အထက် အဘိုးအဘွား(၁၀၁)ဦးတို့ကို ငွေသား အပါအဝင် အသုံးအဆောင်ပစ္စည်းများကို ဂါရဝပြု လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်