ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံတတိယ အစည်းအဝေး အကြိုပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ ဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် ၂၁  ဇွန် 

 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံတတိယ အစည်းအဝေး အကြိုပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့၏ ကဏ္ဍအလိုက် ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့်ရလာဒ်များအပေါ် ပြန်လည် သုံးသပ်သည့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကျင်းပသည်။ 

 

ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း နှင့် ပူးတွဲကော်မတီဝင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲတို့မှ ကိုယ်စားလှယ်များ၊ အစိုးရအစုအဖွဲ့မှပါဝင်သင့်ပါဝင်ထိုက်သူများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ နှင့်အကျိုးဆောင်များ တက်ရောက်ကြသည်။ 

 

ယနေ့ဆွေးနွေးပွဲတွင် ဇွန်၁၉ရက်နှင့် ၂၀ရက်တို့က ကဏ္ဍလိုက်ဆွေးနွေးခဲ့ကြသည့် ရလာဒ်များအပေါ် ပြန်လည်ရှင်းလင်း တင်ပြကြပြီး သုံးသပ်ဆွေးနွေးကြသည်။ 

 

 

နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲရလာဒ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီအတွင်းရေးမှူး ဦးခင်ဇော်ဦးကလည်းကောင်း၊ စီးပွားရေးကဏ္ဍ ဆွေးနွေးပွဲရလာဒ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ ကလည်းကောင်း၊ လူမှုရေးကဏ္ဍ ဆွေးနွေးပွဲရလာဒ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေးကလည်းကောင်း၊ မြေယာ/သဘာဝပတ်ဝန်းကျင်ကဏ္ဍ ဆွေးနွေးပွဲရလာဒ်များနှင့် စပ်လျဉ်း၍ ဒေါက်တာဝါဝါမောင်ကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 

 

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီအတွင်းရေးမှူး ဦးခင်ဇော်ဦးက ဆွေးနွေးပွဲများတွင် ယခင်စုစည်းခဲ့သည့် စုစည်းချက်များ၊ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက ရရှိခဲ့သည့်အချက်များ၊ CSO ဖိုရမ်က တင်ပြလာသည့် အချက်များကို မူတည်ပြီး ကဏ္ဍအလိုက် ဆွေးနွေးကြရာတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့၏ ရပ်တည်ချက်တစ်ခုကို ရရှိခဲ့ပါကြောင်း၊ ယခုအစည်းအဝေးသည် အောင်မြင်ပါကြောင်း၊ ယခုကဲ့သို့ အစည်းအဝေးများကို မကြာခဏ ပြုလုပ်သင့်ပါကြောင်း၊ တတိယအကြိမ်လာခံပြီးစီးပါက လုပ်ငန်းကော်မတီ အစည်းအဝေးကို မကြာခဏဆောင်ရွက်ကြပြီး ညီလာခံကို ၆လတစ်ကြိမ်ကျင်းပနိုင်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း ပြောကြားပြီးအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးသည်။ 

 

ယနေ့ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးတွင် တင်ပြနိုင်ရန်အတွက် ကဏ္ဍအလိုက်ရလာဒ်များကို စုစည်းနိုင်ခဲ့ကြောင်း သိရသည်။ 

 

ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ အစိုးရ၏ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့မှ ဦးဂျင်မီက “လူမှုရေးကဏ္ဍမှာတော့ မူဝါဒအဆိုပြုချက် ၁၀ ချက် ရထားပါတယ်။ ၁၀ ချက်လုံးက ပြည်ပြည်စုံစုံ လုပ်ထားပါတယ်။ နိုင်ငံရေး၊  စီးပွားရေး၊ ကဏ္ဍတွေမှာလည်း သူ့ကဏ္ဍနဲ့သူ တင်ပြနေကြပါတယ်။ ဆက်ပြီးဆွေးနွေးသွားဖို့လည်း ရှိပါတယ်။ ဒုတိယအကြိမ် ပြည်ထောင်စုသဘောတူညီချက် ၄ ချက်လူမှုရေး ကဏ္ဍမှာ ရထားပြီးပါပြီ။ မွန်အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲက တက်လာတဲ့စာတမ်းနဲ့ CSO တွေဘက်က တင်ပြ လာတဲ့ စာတမ်းရှိပါတယ်။ အဲဒီစာတမ်းနှစ်ခုပေါ်မှာ အခြေခံပါတယ်။ နောက်ပြီး စာတမ်းတစ်ခု၊ နှစ်ခုတက်လာဖို့ရှိတယ်လို့လဲပြောပါတယ်။ စာတမ်းတွေအပေါ်အခြေခံပြီး ဆွေးနွေးပါတယ်။ စာတမ်းတွေကလည်း တော်တော်ကောင်းပါတယ်။ ကျွန်တော်တို့ လေးလေးစားစား ဆွေးနွေးပါတယ်။ ရလာဒ်တွေက တတိယအကြိမ်(၂၁) ရာစုပင်လုံ ညီလာခံ အတွက် အကျိုးဖြစ်မယ်လို့ ပြောလိုပါတယ်” ဟုပြောကြားသည်။

 

သတင်းစဉ်