ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်   ၁၈   ဇူလိုင် 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် (ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ) သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်တို့နှင့်အတူ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သော တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) တို့အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုများအား ယနေ့မွန်းလွဲပိုင်းက လိုက်လံ စစ်ဆေးကြည့်ရှုသည်။

ရှေးဉီးစွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့်အဖွဲ့သည် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)တွင် ပါဝင်သော ရဲရိပ်သာရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေးရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမင်းဆွေက ရှင်းလင်းပြသတင်ပြသည်။ 

ယင်းနောက် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပါဝင်သော ကျားကွက်သစ် ရပ်ကွက်နှင့် ကျောက်မြောင်း အရှေ့ရပ်ကွက်တို့သို့ သွားရောက်၍  ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းကြေညာ ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးရာ တာမွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းပိုင်က လိုက်လံရှင်းလင်း ပြသတင်ပြ သည်။  

ထို့နောက် ကော်မရှင် အဖွဲ့ဝင်ဦးမြင့်နိုင်က ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးမဲပေးခွင့် ရရှိစေရေး၊ မဲဆန္ဒရှင် စာရင်းပြုစုရာတွင် အမှားအယွင်း အနည်းဆုံးဖြစ်စေရေးနှင့် ဒုတိယအကြိမ် ကပ်ထား ကြေညာမည့် အောက်တိုဘာလတွင် ပိုမိုပြည့်စုံ မှန်ကန်စေရေး အလေးထား ဆောင်ရွက်ကြရန် ဖြည့်စွက်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။ 

( သတင်းစဉ်)