ပြည်ထောင်စု တစ်ဝန်းလုံးမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံး တစုတစည်းတည်း ရှိနေတယ်ဆိုတာကို အားလုံးကို သိစေချင်တယ်

နေပြည်တော် ၁၂ ဖေဖော်ဝါရီ

ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသား အဖွဲ့များ အနေဖြင့် တိုင်းရင်းသားအားလုံး၏ ရိုးရာယဉ်ကျေးမှုများကို ပြသထားသည့် အမျိုးသား အထိမ်းအမှတ် ဥယျာဉ်သို့ လာရောက်ရသည့် အကြောင်းများကို မေးမြန်းဖြစ်ခဲ့ရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ လာရောက်လည်ပတ်သည့် မဇင်မိုင်အောင်က “ကျွန်မက ကချင်တိုင်းရင်းသူတစ်ဦး ဖြစ်ပါတယ်။ ကျွန်မတို့ အဖွဲ့က ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို လာရောက်ခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စု တစ်ဝန်းလုံးမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံး တစုတစည်းတည်း ရှိနေတယ် ဆိုတာကို အားလုံးကို သိစေချင်တယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုးတွေ အားလုံးရဲ့ ရိုးရာတွေနဲ့ အထိမ်းအမှတ်တွေ စုံလင်အောင်ရှိနေတဲ့ ဒီဥယျာဉ်ကြီးကို အပန်းဖြေရင်း လာရောက်ရခြင်းဖြစ်ပါတယ်။

ဒီနေ့ ဒီဥယျာဉ်ထဲမှာ တိုင်းရင်းသားတွေ တော်တော်များများနဲ့ တွေ့တဲ့အခါ ကျွန်မ ပျော်တယ်။ ရိုးသားမှုတွေ၊ ပွင့်လင်းမှုတွေကိုလည်း မြင်တွေ့ရ တယ်။ တိုင်းရင်းသားတွေရဲ့ နေထိုင်ပုံတွေ၊ ရိုးရာဓလေ့တွေကို သိရတယ်။ ကျွန်မတို့ မသိသေးတဲ့ အတွေ့အကြုံ အသစ်တွေလည်း ရပါတယ်။ အခုလို လာရောက် အပန်းဖြေရတာ ကျေနပ် စရာကောင်းပါတယ်။ ဝမ်းသာကြည်နူးပါတယ်။

ဒီအမျိုးသား အထိမ်းအမှတ် ဥယျာဉ်က ပြည်ထောင်စု တစ်ဝန်းလုံးမှာရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ နေထိုင်ပုံတွေ၊ ရိုးရာဓလေ့တွေ အားလုံးကို ပုံစံငယ်အဖြစ်နဲ့ ဖော်ကျူးထားတာဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ဗဟုသုတတွေရရှိပါတယ်။ တချို့ တိုင်းရင်းသားတွေက ကိုယ့်နေရာ ဒေသမှာပဲနေတော့ တခြားကျန်တဲ့ တိုင်းရင်းသားတွေရဲ့ နေထိုင်ပုံတွေ၊ ရိုးရာဓလေ့တွေကို မသိကြပါဘူး။ ဒါကြောင့်မို့ တိုင်းရင်းသားတွေ အားလုံးကို အားလပ်ရက်တွေမှာ နေပြည်တော်မှာရှိတဲ့ ဒီအမျိုးသား အထိမ်းအမှတ်ဥယျာဉ်ကို လာရောက် အပန်းဖြေ လည်ပတ်စေချင်ပါတယ်။

MDN