ပြည်ထောင်စုအဆင့် တည်ဆောက်ရေးဆိုင်ရာ SOP များအား အသေးစိတ်ရှင်းလင်း ဆွေးနွေး

ပြည်ထောင်စုအဆင့်တည်ဆောက်ရေးဆိုင်ရာ SOP များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင်  နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊   အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊ ဒုတိယဝန်ကြီး ဦးကျော်လင်း ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့်  ဌာနဆိုင်ရာအကြီးအကဲများ ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သော အစည်းအဝေးသည် (၂၈ - ၁၁ - ၂၀၁၈) ရက်နေ့စွဲပါ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားချက်အမှတ် ၊ ၁/၂၀၁၇ ကို တိုင်းဒေသကြီး/ ပြည်နယ်များ၌ လိုက်နာကျင့်သုံး ဆောင်ရွက်ကြရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ မရှင်းလင်းသည့် အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါကြောင်း ၊ ၎င်းဆွေးနွေးပွဲတွင် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ ၊ ဝန်ကြီးဌာနများအတွက် တင်ဒါလုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ် SOP (Standard Operating Procedure) ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲပြီး ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပေးရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြပါကြောင်း။

 

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် ၊ ၁/၂၀၁၇ စာပိုဒ် (၂၄) ၊ (၂၅) တို့ကို အဓိပ္ပာယ်ဖွင့်ဆိုသည့်အခါ နားလည်မှုလွဲမှား နိုင်သည့်အတွက်ကြောင့်လည်း ခေါ်ယူခြင်း ဖြစ်ပါကြောင်း ၊ ပြည်ထောင်စုအဆင့် တည်ဆောက်ရေးဆိုင်ရာ တင်ဒါလုပ်ငန်းစဉ် (SOP) များကို ပြည့်စုံကောင်းမွန်အောင် ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးရေးဆွဲကြပြီး ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ ၊ ဝန်ကြီးဌာနများက နိုင်ငံတော်ဘဏ္ဍာငွေများအား အကျိုးထိရောက်စွာ အသုံးပြုကြကာ တည်ဆောက်ရေး လုပ်ငန်းများကို အရည်အသွေး မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

 

ဒုတိယဝန်ကြီး ဦးကျော်လင်းက တည်ဆောက်ရေးတင်ဒါလုပ်ငန်းစဉ်များ ၊ SOP(Standard Operating Procedure) လုပ်ငန်းစဉ်များ ၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) တွင် မပါရှိသည့် ထပ်မံဖြည့်စွက်မည့် အချက်အလက်များကို ဆွေးနွေးသည်။ ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

 (သတင်းစဉ်)