ပြည်ထောင်စုဆိုသည့်ဆန္ဒ

၁၀ ဇန်နဝါရီ

မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် တစ်ပြည်ထောင်စနစ်မဟုတ်ဘဲ ပြည်နယ်များ၊ ဒေသများ စုစည်း၍ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းထားသော နိုင်ငံများအများအပြားရှိကြပြီး မိမိတို့၏ ပြည်တွင်းအခြေအနေများ၊ ဖြတ်သန်းခဲ့ရသည့် သမိုင်းရေး အခြေအနေများနှင့် ကိုက်ညီသော ပြည်ထောင်စုစနစ်များကို ကျင့်သုံးနေကြခြင်း ဖြစ်သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စုသည် ပြည်နယ် ၅၀ကို စုစည်းထားသည့် ပြည်ထောင်စုနိုင်ငံကြီးဖြစ်ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ စကော့တလန်၊ အိုင်းရစ်၊ ဝေးလ်၊ ဒတ်ချ်၊ ရုရှား စသည့် ဥရောပသားများ၊ အာဖရိကန်များ၊ အာရှနွယ်ဖွားများ၊ သမုဒ္ဒရာ ကျွန်းသားများစသည့် လူမျိုးပေါင်းစုံတို့ နေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယူကေခေါ် ယူနိုက်တက်ကင်းဒမ်းသည်လည်း အင်္ဂလိပ်၊ ဝေးလ်၊ စကော့နှင့် မြောက်ပိုင်းအိုင်ယာလန်တို့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုပင်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ အိမ်နီးချင်းဖြစ်သော အိန္ဒိယ နိုင်ငံသည် ပြည်နယ် ၂၈ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ကိုးခုတို့ စုစည်းတည်ထောင်ထားသည့်ပြည်ထောင်စုနိုင်ငံပင်ဖြစ်သည်။ ယင်းသို့လျှင် အမျိုးမျိုးသောပုံစံများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံများမှာ အာရှ၊ အာဖရိက၊ အမေရိက၊ ဥရောပ စသည့် ကမ္ဘာ့ဒေသအသီးသီးမှာ တည်ရှိ နေကြပြီး စုစည်းညီညွတ်သော အားများဖြင့် ကမ္ဘာ့အလယ်၌ ရပ်တည် နေကြခြင်း ဖြစ်သည်။

မတူကွဲပြားသည့်လူမျိုးများကို စုစည်းကာ ပြည်ထောင်စုအဖြစ် ရပ်တည်ကြရခြင်းမှာ ပထဝီနိုင်ငံရေးအတွက် လိုအပ်ချက်ဖြစ်သော အင်အားအတွက်ပင် ဖြစ်သည်။ လက်ညှိုး၊ လက်ခလယ်၊ လက်သန်း၊ လက်မ စသည့် လက်တစ်ချောင်းစီတွင် အင်အားနည်းပါးမည်ဖြစ်သော်လည်း ယင်းလက်များကို ကျစ်လျစ်စွာ ဆုပ်ထားသည့် လက်သီးမှာမူ ခုခံကာကွယ်နိုင်သည့် အင်အားတစ်ရပ်ဖြစ်လာသကဲ့သို့ပင်ဖြစ်သည်။ စည်းလုံးညီညွတ်စွာ ရပ်တည်နေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံများမှာ ပထဝီနယ်မြေအရ ကျယ်ဝန်းသလို လူမျိုးအရလည်း အင်အားတောင့်တင်းလာရသည်။ အခြားကမ္ဘာ့နိုင်ငံများက လေးစားကြရသည်။ ဆန့်ကျင်ဘက်အားဖြင့်မူ ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖို့ စည်းလုံးညီညွတ်မှု အားနည်းလာသည်နှင့်အမျှ တစ်စတစ်စ ချည့်နဲ့ယိမ်းယိုင်ကာ ပြိုကွဲသည့်ဘဝသို့ ကျရောက်သွားနိုင်ပြီး ကမ္ဘာ့အသိုင်းအဝိုင်းက နှိမ့်ချရှုမြင်မှု၊ မထီမဲ့မြင်ပြုမှုတို့ကို ခံစားကြရမည်ဖြစ်သည်။ သို့ဖြစ်သည့် အတွက် ပြည်ထောင်စုနိုင်ငံတိုင်းမှာ စည်းလုံးညီညွတ်ရေးသည် ယင်း နိုင်ငံ၏ နှလုံးသည်းပွတ်သဖွယ်ပင်ဖြစ်ပြီး ပြည်ထောင်စုမပြိုကွဲရေး၊ စည်းလုံးညီညွတ်ရေးတို့ကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်ကြရခြင်း ဖြစ်သည်။

"နိုင်ငံတစ်နိုင်ငံဖြစ်ဖို့၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ စည်းစည်းလုံးလုံး၊ ခိုင်ခိုင်မာမာရပ်တည်ဖို့ဆိုတာ လူမျိုးတစ်မျိုးတည်းဖြစ်ဖို့ လိုသလား၊ မလိုပါဘူး။ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုဆိုတာဟာ လူမျိုးပေါင်းစုံနဲ့ ထူထောင်ထားတဲ့နိုင်ငံပါ။ သူတို့ ဒီလူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ ဘာသာပေါင်းမျိုးစုံကို စုစည်းပြီးတော့ အင်မတန်မှ ခိုင်မာတောင့်တင်းတဲ့ နိုင်ငံတစ်ခုကို သူတို့ ထူထောင်နိုင်ခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့လည်း ဒီလိုပြည်ထောင်စုမျိုး မထူထောင်နိုင်စရာမရှိပါဘူး။ အဓိကကတော့ ဆန္ဒရှိရေးပဲ ဖြစ်ပါတယ်။ ကျွန်မတို့ တကယ်ပဲ ကျွန်မတို့ရဲ့ အသည်းနှလုံးထဲမှာ ပြည်ထောင်စုဆိုတဲ့ ဆန္ဒရှိရဲ့ လားဆိုတာ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းက စိစစ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစဉ်းစားသလဲ။ ကိုယ့်ကိုယ်ကိုယ် ငါက ကချင်၊ ငါက ဗမာ၊ ငါက ရှမ်းဆိုပြီးတော့ စဉ်းစား သလား။ ငါက ပြည်ထောင်စုသားတစ်ယောက်ဆိုပြီးတော့ စဉ်းစားသလားဆိုတာ အားလုံးကနေပြီးတော့ ဒါကိုအလေးထားစေချင်ပါတယ်" ဟူ၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့လူထုတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်းပါ ပြောကြားချက်မှာ မိမိတို့နိုင်ငံ၏ ပစ္စုပ္ပန်ကာလအတွက် ပကတိလိုအပ်ချက်ကို ညွှန်ပြထားခြင်းပင်ဖြစ်သည်။ လူမျိုးတစ်မျိုးချင်း၏ ကိုယ်ပိုင်လက္ခဏာများမှာ အလေးထားရမည်ဖြစ်သော်လည်း တစ်မျိုးတစ်စားတည်း၊ တစ်သွေးတစ်သတည်းဖြစ်သည်ဟူသော ပြည်ထောင်စုသားတစ်ယောက်အဖြစ် ခံယူနိုင်ရန်မူ အဓိကဖြစ်သည်။

မိမိတို့နိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ရန် လိုအပ်နေသည်။ ကမ္ဘာဦးလူသားတို့ နေနှင့် လကို အလိုရှိကြသကဲ့သို့ပင် ထာဝရငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားပြည်သူအားလုံးက မျှော်လင့်နေကြသည်။ နေနှင့်လတို့ တစ်ခုနှင့်တစ်ခု အဆက်အစပ်ရှိသကဲ့သို့ပင် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကလည်း အပြန်အလှန် ဆက်စပ်နေသည်။ ငြိမ်းချမ်းလိုသည့် ဆန္ဒနှင့် စည်းလုံးညီညွတ်လိုသည့် ဆန္ဒတို့ လူတိုင်းလူတိုင်းမှာ ခိုင်မာရင့်သန်လာသည်နှင့်အမျှ အေးချမ်း သာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို မြန်သည် ထက်မြန်စွာ တည်ဆောက်နိုင်မည်မလွဲဟု ယုံကြည်ပါကြောင်း။ ။

မြန်မာ့အလင်း