ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လက်တွဲကြိုးပမ်း

 

 

ပြည်ထောင်စုဖွားအားလုံးတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး မိသားစုပမာ စည်းလုံးညီညွတ်စွာဖြင့် နှစ်ပေါင်းထောင်ချီ အတူယှဉ်တွဲနေထိုင်လာခဲ့ကြရာ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင်  သိက္ခာရှိရှိ   ခံ့ညားထည်ဝါစွာ  ရပ်တည်နေထိုင်လျက်ရှိပါသည်။ အကြောင်းကြောင်းကြောင့် ဆုံးရှုံးခဲ့ရသော လွတ်လပ်ရေးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ရယူနိုင်ခဲ့ပါသည်။

လွတ်လပ်ရေးကို မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နှစ်ပေါင်းတစ်ရာကျော် ခက်ခက်ခဲခဲ ရယူခဲ့ရသော်လည်း မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ယိုယွင်းပျက်ပြားသည့်အခါ တစ်ခဏတာ ကာလအတွင်း လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပြန်လည်ဆုံးရှုံးနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ပြည်ထောင်စု၏ နေရာဒေသအချို့၌ အကြမ်းဖက်တိုက်ခိုက်မှုများ၊ တရားဥပဒေစိုးမိုးရေးကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များ ရှိနေခြင်းသည် နိုင်ငံအတွက် အန္တရာယ်ကြီးမားပြီး စိုးရိမ်ဖွယ်ရာအခြေအနေများ ဖြစ်နိုင်ပေသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးကာလမှစ၍ နယ်ချဲ့၏အမွေဆိုး သွေးကွဲမှုဆိုးမွေများ တိုင်းရင်းသား လူမျိုးများကြားတွင် ဖြစ်ပေါ်ခဲ့သည်။ စည်းလုံးညီညွတ်မှု ပျက်ပြားသောကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ပြီး ပြည်တွင်းဆူပူ သောင်းကျန်းမှုများ ခေတ်အလိုက်ဖြစ်ပေါ်လာခဲ့သည်။ စည်းလုံးညီညွတ်မှုပြိုကွဲပြီး လွဲမှားသည့် အယူအဆ၊ ကိုယ်ကျိုးအတ္တများဖြင့် လက်နက်စွဲကိုင်ကာ တိုင်းရင်းသားလူမျိုးအချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြလျှင် ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းမှုပြိုလဲပြီး အချုပ်အခြာအာဏာ ဆုံးရှုံးရသည့်အခြေအနေသို့ ရောက်ရှိသွားနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ထိုအခြေအနေမျိုးသို့ မရောက်ရှိစေရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မာစွာတည်ဆောက် ကြရမည်ဖြစ်သည်။

“ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား ရာစုနှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့ပြီးဖြစ်သည့် သံယောဇဉ်တရားနှင့် ချစ်ခင်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိသည့် ပြည်တွင်း ပြည်ပ အဖျက်အင်အားစုတို့၏ အချင်းချင်း မုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးနေခြင်း၊ ကျဉ်းမြောင်းသည့်  လူမျိုးရေးဝါဒ သွတ်သွင်းပေးနေခြင်းတို့ကို သတိပြုကာကွယ်ကြရန် လိုအပ်ပါသည်။ အပြုနှင့် အဖျက်တို့မှ ဖြစ်ပေါ်လာသည့် အကျိုးနှင့်အပြစ်၊ အဆိုးနှင့်အကောင်းတို့ကို ဆင်ခြင်သုံးသပ်ပြီး အမှန်နှင့်အမှားကို ခွဲခြားရှုမြင်ကြရန် လိုအပ်မည်ဖြစ်ပါသည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် အသိပေးထားသည်။

မျက်မှောက်ကာလတွင် အပြုနှင့်အဖျက်၊  အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်တို့ကို ခွဲခြားသိမြင်နိုင်စွမ်း အားနည်းသဖြင့် အချင်းချင်းမညီညွတ်သည့် ပဋိပက္ခများ ရှည်ကြာဖြစ်ပွားလျက်ရှိသည်။ တိုင်းရင်းသား ပြည်သူများ ဆိုးမွေများကို ကြာရှည်စွာခံစားနေကြရသည်။ အဖြူနှင့်အမည်း မကွဲပြားဘဲ ပဋိပက္ခများဖြစ်ပွား နေသည်မှာ ပြည်တွင်း ပြည်ပ ပယောဂ အနှောင့်အယှက်များနှင့် ပြည်ဖျက်မီဒီယာမျာ၏ ခလောက်ဆန် အကောက်ကြံ သွေးခွဲမှုများကြောင့်ဖြစ်ရသည်ကို သတိပြုရမည်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခ အဖျက်လုပ်ရပ်များကြောင့် တိုင်းပြည်မှာဒဏ်ရာဒဏ်ချက်များ များစွာဖြစ်ပေါ်လျက်ရှိသည်။ တိုင်းပြည်ကို ကာကွယ်ရေး၊ ပြည်သူအတွက်အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး၌ အနှောင့်အယှက်များ ဖြစ်ပေါ်လျက်ရှိသည်။

နိုင်ငံတည်ငြိမ်အေးချမ်းလျှင် တိုင်းရင်းသားပြည်သူအားလုံး အေးချမ်းသာယာစွာဖြင့် လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည်။ ရင်သွေးငယ် သားသမီးများလည်း အေးချမ်းစွာပညာသင်ကြားနိုင်မည်ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူအားလုံး အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစား တွေးခေါ်မှုစွမ်းရည်များ ပြည့်စုံရန်လိုအပ်သည်။ သို့သော်လည်း တိုင်းရင်းသားဒေသများ၊ မြို့ပြနှင့် အလှမ်းဝေးသော ကျေးလက် ဒေသများတွင် အခက်အခဲအမျိုးမျိုး၊ အားနည်းချက်အဖုံဖုံ၊ အခြားစိန်ခေါ်မှုများကြောင့် တိုင်းရင်းသားပြည်သူများ အခက်အခဲများဖြစ်ပေါ်ပြီး များစွာနစ်နာဆုံးရှုံး လျက်ရှိသည်။

တိုင်းပြည်အနာဂတ်အတွက် ပညာရေးနှင့်ဖွံ့ဖြိုးရေးသည် အဓိကလိုအပ်ချက်ဖြစ်ပြီး ယခုကဲ့သို့ ဖျက်ဆီး နှောင့်ယှက်မှုများဖြင့် တိုင်းရင်းသားပြည်သူများဘဝ နိမ့်ကျပျက်စီးအောင် လုပ်ဆောင်နေမှုများကို အားလုံးက စုစည်းညီညွတ်မှုဖြင့် ဝိုင်းဝန်းဆန့််ကျင် တားဆီးကြရမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် ပြည်ထောင်စုကြီး၏ အစဉ်အလာကောင်းမြတ်သည့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကိုအခြေခံပြီး ဒေသအကျိုး၊ ပြည်ထောင်စုကြီးအကျိုးကို လက်တွဲပူးပေါင်း သယ်ပိုးဆောင်ကြဉ်း ကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း။

ကြေးမုံ