ပြည်ထောင်စု၏ နှလုံးသား ငြိမ်းချမ်းရေးနှင့် စုပေါင်းအား

မိုးလွင်ဦး(လွိုင်လင်)

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသားပြည်သူများက စည်းလုံးညီညွတ်မှုကိုအခိုင်အမာပြသကာ ပင်လုံစာချုပ်ကြီးကိုအောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပြီး နယ်ချဲ့တို့ထံမှ မြန်မာ့လွတ်လပ်ရေးကြီးကို အရယူပေးခဲ့ကြသည့် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးဖြစ်သော ပြည်ထောင်စုနေ့အခါသမယကို မြန်မာပြည်သူတို့ မေ့ပျောက်၍မရနိုင်သလို ပြည်ထောင်စုစိတ်ဓာတ်သည်လည်း နောင်နှစ်ပေါင်းများစွာတိုင် တည်တံ့ခိုင်မြဲနေမည်သာ ဖြစ်ပါသည်။


အညီအညွတ်လက်မှတ်ရေးထိုး


လွန်ခဲ့သော နှစ်ပေါင်း ၇၂ နှစ်၊ ၁၉၄၇ ခုနှစ်၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့ကလေး၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်းစော်ဘွားများ၊ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသတို့မှ တိုင်းရင်းသားခေါင်းဆောင်များစုစုပေါင်း ၂၃ ဦးတို့က တစည်းတလုံးတည်း အညီအညွတ် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါသည်။


တိုင်းရင်းသားများ သွေးစည်းညီညွတ်မှုဖြင့်ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့်နေ့ကို အမိမြန်မာနိုင်ငံတော်ကြီး၏ သမိုင်းဝင်နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ကာ ပြည်ထောင်စုနေ့ကြီးပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုနေ့ကြီး ပေါ်ပေါက်လာပြီး တစ်နှစ်ခန့်အကြာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ် အခြာအာဏာပိုင် နိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာပေါ်ထွန်းလာခဲ့ပါသည်။ သို့ရာတွင်လွတ်လပ်ရေး၏ အရသာကို ပြည်သူများ ပြည့်ပြည့်ဝ၀ မခံစားလိုက်ရဘဲ ပြည်တွင်း စစ်မီးတောက်လောင်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။


ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းအဖြေရှာ


ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတွင်၂၀၁၀ ပြည့်နှစ်မှစတင်၍ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရန် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွများနှင့် လက်မှတ်ရေးထိုးခဲ့ကြကာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးကိစ္စများကို နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်းတွင် တွေ့ဆုံညှိနှိုင်းအဖြေရှာဆောင်ရွက်လျက်ရှိပါသည်။


ယခုနှစ် ပြည်ထောင်စုနေ့ကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ ပြည်ထောင်စုကြီးမွေးဖွားရာ၊ ပြည်ထောင်စုကြီးသန္ဓေတည်ရာ၊ ပြည်မတောင်တန်းပူးပေါင်းရေးစာချုပ်ချုပ်ဆိုရာ အထိမ်းအမှတ် ပြည်ထောင်စုကျောက်တိုင်နေရာ အပါအဝင် နိုင်ငံတစ်ဝန်းတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို သမိုင်းဝင် မြို့ပင်လုံတွင် နိုင်ငံတော်အဆင့်ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည့် ပုံရိပ်များသည်စာရေးသူနှင့် ဒေသခံပြည်သူများအားလုံး အမှတ်တရရှိနေဆဲ ဖြစ်ပါသည်။
ပင်လုံမြို့တွင် ကျင်းပခဲ့သည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဓိကအချက်အနေဖြင့် ငြိမ်းချမ်းရေး ဟူသည့် အမွေအနှစ်များကို နောင်အနာဂတ်မျိုးဆက်များအတွက် ချန်ထားပေးခဲ့ချင်ကြောင်း ပြောကြားသွားခဲ့ပါသည်။ မှန်ပါသည်။ တိုင်းပြည်၏ သယံဇာတဖြစ်သည့် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ ရေမြေတောတောင် သဘာဝအလှအပများသည် သုံး၍ကုန်သွားနိုင်သော်လည်း သုံး၍မကုန်နိုင်သည့် ငြိမ်းချမ်းရေးအမွေအနှစ်သည်သာ ထာဝရတည်တံ့နေမည် ဖြစ်ပါသည်။


နိုင်ငံရေးသဘောတူညီချက်များ ရရှိရေး


နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက သတင်းထုတ်ပြန် ချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ယင်း ထုတ်ပြန်ကြေညာချက်၌ NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမှုခိုင်မာရေး၊ နိုင်ငံရေးသဘောတူညီချက်များရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းသို့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈) ဖွဲ့လုံး ရောက်ရှိလာရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။


အလားတူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့ ရက်စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် တပ်မတော်အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်ဧပြီလ ၃၀ ရက်နေ့အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း၊ တပ်လှုပ်ရှားမှုရပ်ဆိုင်းထားသည့် ကာလအတွင်း စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန်ဖြစ်ပြီးလိုအပ်ပါက တပ်မတော်အနေဖြင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးစီးသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများနှင့်သက်ဆိုင်ရာနယ်မြေအလိုက် တိုင်းမှူးများပါဝင်သော ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ဖြင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပါရှိပါသည်။


ပြည်ထောင်စုသဘောတူစာချုပ်


ထို့အတူ ယင်းထုတ်ပြန်ချက်၏ အပိုဒ်(၁၁)တွင် NCA လက်မှတ်ရေးထိုးပြီးနှင့် လက်မှတ်ရေးထိုးရန်ကြိုးပမ်းဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဃြဗ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ သီးသန့်တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား၌ ပြောကြားခဲ့ပြီးဖြစ်သည့် “၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထားကြောင်းနှင့် တပ်မတော်အနေဖြင့် သန္နိဋ္ဌာန်အတိုင်းဖြစ်မြောက်အောင် ဆောင်ရွက်ပြီး တိုင်းရင်းသားပြည်သူလူထုလိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သှူလက်သို့ အရောက်အပ်နှင်းမည်ဟူသည့်သန္နိဋ္ဌာန်” ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကလည်း ကတိကဝတ်ပြုပြီးနောက် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးသတ်မှတ် လုပ်ငန်းစဉ်များအလိုက် ပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။


ယနေ့အချိန်အခါသည် ရေကန်အသင့်ကြာအသင့်ဖြစ်နေပြီး မဝေးတော့သည့်ကာလများတွင် ပြည်ထောင်စုကြီး၏ ထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို လှမ်းကိုင်နိုင်တော့မည်ဟုယုံကြည်မိပါသည်။ ငြိမ်းချမ်းရေးပန်းများထာဝရလန်းဆန်းစေရန် နိုင်ငံတော်အစိုးရ၊တပ်မတော်နှင့် ပြည်သူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ စုပေါင်းအားဖြင့်စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရမည့် အချိန်ကာလပင်ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးရရှိပါက တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်လာကာခေတ်မီဖွံ့ ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသည့်ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။


မြန်မာ့အလင်း