ပြည်ထောင်စုလမ်းမကြီး ပုသိမ်(ကံကလေး)-မုံရွာကားလမ်း(၂)  

 

ခရမ်းစိုးမြင့်

 

ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ပြည်ခရိုင်မှတာဝန်ယူ ဆောင်ရွက်နေသော ပုသိမ် (ကံကလေး) - မုံရွာကားလမ်းသည် ပုသိမ်မှ မုံရွာအထိ ၄၅၀ မိုင် ၅ ဖာလုံရှိသည့်အနက် ပန်းတောင်းမြို့နယ် မိုင်တိုင်အမှတ် ၁၀၂ မိုင် ၃ ဖာလုံရှိ ကျေးတောရွာမှ မိုင်တိုင်အမှတ် ၁၄၅ မိုင် ၇ ဖာလုံရှိ ကျီးပင်ရွာ လမ်းပိုင်းသို့ ကျွန်တော်ရောက်ခဲ့သည်။

 

ပုသိမ် (ကံကလေး)-မုံရွာ ပြည်ထောင်စုလမ်းမကြီးဖြတ်သန်းရာ ပြည်ခရိုင်

 

ပုသိမ်(ကံကလေး)ကားလမ်းအစ တည်ရှိရာ ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်ပြီးနောက် ပြည်ထောင်စုလမ်းမကြီး ဖြတ်သန်းရာ ပဲခူးတိုင်းဒေသကြီးအတွင်း သွားရောက်ခဲ့ခြင်းလည်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးခရိုင်၊ တောင်ငူ ခရိုင်၊ သာယာဝတီခရိုင်၊ ပြည်ခရိုင်ဟူ၍ လေးခရိုင် နှင့် မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိရာ ပုသိမ်(ကံကလေး) - မုံရွာ ပြည်ထောင်စုလမ်းမကြီး ဖြတ်သန်းရာ ပြည်ခရိုင်သို့ ကားဖြင့်သွားခဲ့သည်။ ရန်ကုန်- ပြည် ကားလမ်းသည် ဧရာဝတီမက်မြန်မာ ကုမ္ပဏီက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ BOT ယူ၍ ဆောင်ရွက်ထားသောလမ်းဖြစ်၍ လမ်းကျယ်ပြီး ညီညာဖြောင့်ဖြူးလျက်ရှိသဖြင့် ကျွန်တော်တို့ ကားလေးသည် ရန်ကုန်မှ နံနက် ၈ နာရီထွက်ခဲ့ရာ ခြောက်နာရီကြာ မွန်းလွဲ ၂ နာရီတွင် ပြည်မြို့သို့ရောက်ရှိပြီး ညအိပ်ရပ်နားခဲ့သည်။ နောက်တစ်နေ့ ဆောက်လုပ်ရေး ရိပ်သာကကျွေးသော နံနက်အဆာပြေ ပြည်ပလာတာသုပ်စား၍ ပန်းတောင်းမြို့နယ်အပိုင် ဥသျှစ်ပင်သို့ ပြည်တံတားကြီးကို ဖြတ်၍သွားရောက်ခဲ့ခြင်းဖြစ်သည်။

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်(ကံကလေး) ပြည်ထောင်စုကားလမ်းမကြီးသည် ဧရာဝတီတိုင်းဒေသကြီးမှ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးတို့ကိုဖြတ်၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအထိ ဖောက်လုပ်ထားပြီး မိုင်အားဖြင့် စုစုပေါင်း ၄၅၀ မိုင် ၅ ဖာလုံရှိသည်။ လမ်းစီမံကိန်းကို ၁၉၆၉ ခုနှစ် ကတည်းက စတင်ရေးဆွဲခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ လ ၁၁ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးအဖွဲ့ ၂၃ ဖွဲ့၊ ကုမ္ပဏီများမှ ဆောက်လုပ်ရေးကုမ္ပဏီအဖွဲ့ ၁၈ ဖွဲ့၊ လမ်းအရည် အသွေးထိန်းသိမ်းရေးအဖွဲ့ ၁၂ ဖွဲ့တို့ဖြင့် ပုသိမ်မှ မုံရွာအထိ ၄၅၀ မိုင် ၅ ဖာလုံကို ကတ္တရာလမ်း အဆင့်အထိရောက်အောင် တိုးမြှင့်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

 

နိုင်လွန်ကတ္တရာ AC ဆက်ခင်းသွားမည်

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်ရသော ၄၃ မိုင် ၄ ဖာလုံ အပိုင်းဖြစ်သည့် ပန်းတောင်းမြို့နယ် ကျေးတောရွာမှ ကျီးပင်ရွာအပိုင်းအား ၂၀၁၁-၂၀၁၂ မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိလည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ လမ်းအထူးအဖွဲ့ ၁၅ ဖွဲ့ကလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ယနေ့အထိ ပြည်ခရိုင်လမ်းဦးစီး ဌာနကတာဝန်ယူ၍ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တို့တွင် ၄၃ မိုင် ၄ ဖာလုံ တာဝန်ယူဆောင်ရွက်နေသည့်အနက် ခွင့်ပြုချက်ဖြင့် ၃ မိုင် ၇ ဒသမ ၅ ဖာလုံကို နိုင်လွန်ကတ္တရာ AC ခင်းနိုင်ခဲ့သည်။ ဘဏ္ဍာငွေခွင့်ပြုချက်ရလျှင် နိုင်လွန်ကတ္တရာ AC ဆက်ခင်းသွားမည်ဟု သိရသည်။

ဘဏ္ဍာနှစ်အလိုက် အသုံးပြုခဲ့သော ဘဏ္ဍာငွေစာရင်းမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၅၅၀ ဒသမ ၇၅၀ သန်းဖြင့် နှစ်အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း ၃ မိုင် ၇ ဒသမ ၅ ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်း ၅ မိုင် ၁ ဖာလုံ၊ ၁၈ ပေ အကျယ် ကတ္တရာလမ်း ၂၆ မိုင် ၁ ဒသမ ၅ ဖာလုံ၊ ၁၆ ပေအကျယ် ကတ္တရာလမ်း ၈ မိုင် ၂ ဖာလုံအထိ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည်။

 

အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်

 

ပုသိမ်(ကံကလေး)-မုံရွာလမ်း၏ ၂၄ ပေ အကျယ် ကတ္တရာလမ်းဖြစ်ရန် ကျန်ရှိသော ၃၄ မိုင် ၃ ဖာလုံအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၁ မိုင် ၄ ဖာလုံ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ၁၀ မိုင်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၆ မိုင် ၃ ဒသမ ၅ ဖာလုံတို့ကို နှစ်အလိုက်လျာထားချက်ရေးဆွဲ၍ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်၍ ပုသိမ်(ကံကလေး) - မုံရွာလမ်း၏ မိုင် (၁၀၂/၃)သည် ဧရာဝတီတိုင်းဒေသကြီးနှင့်လည်းကောင်း၊ မိုင် (၁၄၅/၇) သည် မကွေးတိုင်းဒေသကြီးနှင့်လည်းကောင်း၊ မိုင် (၁၂၅/၄) (ဥသျှစ် ပင်လမ်းဆုံ) မှ ရခိုင်ပြည်နယ်သို့လည်းကောင်း ဆက်သွယ်သွားလာနိုင်ပြီး ရှေးဟောင်းသမိုင်းဝင် အကောက်တောင် စေတီတော်မြတ်ကြီးသည် ပုသိမ် (ကံကလေး)-မုံရွာလမ်း မိုင် (၁၁၁/၃) မှ ခွဲထွက်၍ အလွယ်တကူသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။