ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယ အစည်းအဝေး) ဒုတိယနေ့ ကျင်းပ

နေပြည်တော် ၂၅ မေ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းဝေး) ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန- ၂ (MICC-2) သတ်မှတ်နေရာအသီးသီး၌ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍနှင့် လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲများကို ကျင်းပသည်။

နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိအဖြစ် နံနက်ပိုင်းတွင် ဦးကျော်တင့်ဆွေ နှင့် မွန်းလွဲပိုင်းတွင် ပဒိုစောကွယ်ထူးဝင်း တို့ကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးသံခဲ၊ ဒေါ်ချိုချိုကျော်ငြိမ်းနှင့် နိုင်ချစ်ဦး တို့က ဆောင်ရွက်ကြသည်။

ဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိ် ဦးကျော်တင့်ဆွေနှင့် ပဒိုစောကွယ် ထူးဝင်းတို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ထို့နောက် ညီလာခံကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားပြီး၊ နိုင်ငံရေးကဏ္ဍမူဝါဒ အဆိုပြုလွှာများကို အတွင်းရေးမှူး အဖွဲ့က ရှင်းလင်းကြသည်။

ယင်းနောက် အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ထို့နောက် ဆွေးနွေးစုစည်းချက်များအား တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ဦးဆောင်သဘာပတိများက နိဂုံးချုပ် အမှာစကား ပြောကြားကြသည်။

နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲတွင် အချုပ်အခြာအာဏာ အဆိုပြုလွှာ၊ အချုပ်အခြာ အာဏာကျင့်သုံးမှု အဆိုပြုလွှာ၊ တန်းတူရေး အဆိုပြုလွှာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဆိုပြုလွှာ၊ ဖက်ဒရယ်ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု)အဆိုပြုလွှာနှင့် ပါတီစုံ ဒီမိုကရေစီစနစ် အဆိုပြုလွှာများကို ဆွေးနွေးခဲ့ကြသည်။

အလားတူ စီးပွားရေးကဏ္ဍဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိအဖြစ် နံနက်ပိုင်းတွင် ဦးထွန်းနိုင်နှင့် မွန်းလွဲပိုင်းတွင် ခွန်တင်ရွှေဦး တို့ကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် စိုင်းယီတိပ့်၊ မိကွန်ချမ်း၊ ဦးလီပေါ်ရဲနှင့် ဗိုလ်မှူးချုပ်သက်အောင် တို့က ဆောင်ရွက်ကြသည်။

ဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိ ဦးထွန်းနိုင်နှင့် ခွန်တင်ရွှေဦးတို့က အဖွင့်အမှာ စကားပြောကြားကြသည်။

ထို့နောက် ညီလာခံကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားပြီး နိုင်ငံရေးကဏ္ဍ အဆိုပြုလွှာများကို အတွင်းရေးမှူးအဖွဲ့မှ ရှင်းလင်းကြ သည်။

ယင်းနောက် အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ထို့နောက် ဆွေးနွေးစုစည်းချက်များအား တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ဦးဆောင်သဘာပတိများက နိဂုံးချုပ် အမှာစကား ပြောကြားကြသည်။

စီးပွားရေးကဏ္ဍဆွေးနွေးပွဲတွင် ဈေးကွက်စီးပွားစနစ်ကို ပီပြင်စွာဖော်ဆောင်ရေး၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုများ မဖြစ်ပေါ်စေရေး တားဆီးကာကွယ်ရန်၊ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသအသီးသီးတို့တွင် တန်းတူညီမျှသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများရရှိရေး ထိရောက်စွာ ဆောင်ရွက်ရန်၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဒေသန္တရအစိုးရ များအကြား ဘဏ္ဍာငွေနှင့် အခွန်ငွေများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ မျှတစွာခွဲ ဝေရန်တို့ကို ဆွေးနွေးကြသည်။

ထို့ပြင် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီးအဖွဲ့များအကြား စီးပွားရေး လုပ်ပိုင်ခွင့်အာဏာများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီမျှတစွာခွဲဝေရန်၊ နိုင်ငံတော်၏ ရေတို၊ ရေလတ်၊ ရေရှည် စီးပွားရေး စီမံကိန်းများကို ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစွာဖြင့် ချမှတ်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးကြသည်။

ထို့အတူ လူမှုရေးကဏ္ဍဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိအဖြစ် နံနက်ပိုင်းတွင် ဦးသိန်းဆွေ နှင့် မွန်းလွဲပိုင်းတွင် ဒေါက်တာနော်ကပေါ်ထူး တို့ကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ပူးဘွေလျန်မန်း၊ ဒေါ်နန်းဝင်းကြည်၊ ဒေါ်ဇင်မာအောင် နှင့် ဦးနေဝင်းတို့က ဆောင်ရွက်ကြသည်။

ဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိ်ဦးသိန်းဆွေနှင့် ဒေါက်တာနော် ကပေါ်ထူး တို့က အဖွင့်အမှာစကားပြောကြားကြသည်။

ထို့နောက် ညီလာခံကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို ဖတ်ကြားပြီး နိုင်ငံရေးကဏ္ဍ အဆိုပြုလွှာများကို အတွင်းရေးမှူးအဖွဲ့က ရှင်းလင်းကြသည်။

ယင်းနောက် အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ဆွေးနွေးစုစည်းချက်များအား တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ဦးဆောင်သဘာပတိများက နိဂုံးချုပ် အမှာစကား ပြောကြားကြသည်။

လူမှုရေးကဏ္ဍဆွေးနွေးပွဲတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် လည်းကောင်း၊ လူလုပ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် လည်းကောင်း၊ ဒုက္ခသည်များနှင့် ပြည် တွင်းနေရပ်စွန့်ခွာရသူများကို ခွဲခြား ဆက်ဆံမှုမရှိစေဘဲနိုင်ငံတကာ စံချိန်စံညွန်းများ နှင့်အညီ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ရေရှည်ရှင်သန်ရပ်တည်နိုင်ရေး ( Durable Solution) ကို ဦးတည်၍ စနစ်တကျ အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်၊ လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်းကောင်း၊ လူလုပ်နှင့် သဘာဝဘေး အန္တရာယ်များကြောင့် လည်းကောင်း ဒုက္ခသည်များနှင့် ပြည်တွင်းနေ ရပ်စွန့်ခွာရသူများသည် မိမိနေရပ်နှင့် မိမိသွားရောက်လိုရာ အခြားဒေသသို့ လူ့ဂုဏ်သိက္ခာနှင့်အညီ ဘေးကင်း လုံခြုံစွာ အခြေချနေ ထိုင်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့ပြင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေခံရပိုင်ခွင့်နှင့် အခွင့်အရေးများကို လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ စသည်ဖြင့် ခွဲခြားမှုမရှိဘဲ ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လူမှုဘဝမြှင့်တင်မှုကို ဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များကို အမျိုးသားရေးပြဿနာ၊ နိုင်ငံရေးပြဿနာ အဖြစ်ရှုမြင်၍ ထိရောက်စွာတားဆီးကာကွယ်၊ တိုက်ဖျက်နိုင်ရေး အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် စီမံချက် ချမှတ်ဆောင်ရွက်ရန် တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍဆွေးနွေးပွဲတွင် ဦးဆောင် သဘာပတိအဖြစ် နံနက်ပိုင်းတွင် ဦးထွန်းထွန်းဟိန်နှင့် မွန်းလွဲပိုင်းတွင် ပူးလားလ်ရမ်လော်မာ တို့ကဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် စောဒဲနီယယ်လ်၊ ဦးဇော်မင်းလတ်၊ စိုင်းယီနှင့်ဗိုလ်မှူးချုပ်မြင့်မောင်ဦး တို့က ဆောင်ရွက်ကြသည်။

ဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိ် ဦးထွန်းထွန်းဟိန်နှင့် ပူးလားလ် ရမ်လော်မာ တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ထို့နောက် ညီလာခံကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို ဖတ်ကြားပြီး နိုင်ငံရေးကဏ္ဍ အဆိုပြုလွှာများကို အတွင်းရေးမှူးအဖွဲ့က ရှင်းလင်းကြ သည်။

ယင်းနောက် အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ယင်းနောက် ဆွေးနွေးစုစည်းချက်များအား တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း တို့ကို ဆောင်ရွက်ကြပြီး ဦးဆောင်သဘာပတိများက နိဂုံးချုပ် အမှာစကား ပြောကြားကြသည်။

မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ ဘက်ညီ မျှတသည့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို အထောက် အကူဖြစ်စေသည့် ပြည်သူဗဟို ပြုမြေယာ မူဝါဒဖြစ်စေရန်၊ သင့်တော်မျှတ၍ တရားနည်းလမ်းကျမှုကို အခြေခံစေရန်၊ ဗဟိုထိန်း ချုပ်မှုလျှော့ချ သည့်မူဝါဒများ ဖြစ်စေရန်၊ မြေယာမူဝါဒရေးဆွဲရာတွင် လူ့အခွင့်အရေး စံနှုန်းများ၊ နိုင်ငံတကာစံနှုန်းများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စံနှုန်းများကို ထည့်သွင်း စဉ်းစားရေးဆွဲရန်၊ မြေယာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုနှင့် ရှင်းလင်းသည့် မူဝါဒများဖြစ်စေရန်နှင့် လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် မူဝါဒများချမှတ် ဆောင်ရွက်ရာတွင် ဒေသခံများ၏ လိုလားချက်များကို ဦးစားပေး၍ တောင်သူလယ်သမားများ၏ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အခြေခံ မူများကို ဆွေးနွေးကြ သည်။

အခြေခံမူ (၆)ရပ်အပြင် ပြည်ထောင်စုငြိ်မ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အပါအဝင် ဆွေးနွေးမှု အဆင့်ဆင့်တွင် အကျေအလည်ထပ်မံ ညှိနှိုင်းရရှိ ထားသည့် ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်၊ အကာအကွယ်ပြုရေးဆိုင်ရာ အစီအမံများနှင့် ပတ်သက်၍လည်း ဆွေးနွေးကြသည်။

အလားတူ လုံခြုံရေးကဏ္ဍဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိအဖြစ် နံနက်ပိုင်း ဗိုလ်မှူးချုပ်စိန်ထွန်းလှနှင့် မွန်းလွဲပိုင်းတွင် ဖြားတန်ခွန်ဥက္ကာ တို့ကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင် များအဖြစ် စဝ်ဘောင်ခေး၊ ပူးဇင်ခန့်ဆွန်၊ ဦးအင်ထုံခါးနော်ဆမ်နှင့် ဦးစောထွန်းအောင်မြင့် တို့ကဆောင်ရွက်ကြသည်။

ဆွေးနွေးပွဲတွင် ဦးဆောင်သဘာပတိ် ဗိုလ်မှူးချုပ်စိန်ထွန်းလှနှင့် ဖြားတန်ခွန် ဥက္ကာ တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ထို့နောက် ညီလာခံကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားပြီး နိုင်ငံရေးကဏ္ဍ အဆိုပြုလွှာများကို အတွင်းရေးမှူးအဖွဲ့က ရှင်းလင်းကြသည်။

ယင်းနောက် အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ယင်းနောက် ဆွေးနွေးစုစည်းချက်များအား တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ဦးဆောင်သဘာပတိများက နိဂုံးချုပ် အမှာစကား ပြောကြားကြသည်။

လုံခြုံရေးကဏ္ဍဆွေးနွေးပွဲတွင် တစ်ခုတည်းသော တပ်မတော်ထားရှိရေးမူနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

မေ ၂၆ ရက်တွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍနှင့် လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲများနှင့် အစိုရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)