ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဒုတိယနေ့ ကျင်းပ

နေပြည်တော် ၁၂ ဇူလိုင် 

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးညီလာခံ ဒုတိယနေ့ အစုအဖွဲ့အလိုက် အစည်းအဝေးများကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။ 

 

 

အစိုးရအစုအဖွဲ့အစည်းအဝေး၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ (UPDJC) အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဦးသန့်စင်မောင်၊ နိုင်သက်လွင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့က ညီလာခံလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား ကြသည်။

ထို့နောက် ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေက နိုင်ငံရေးကဏ္ဍ မူဝါဒအဆိုပြုလွှာ၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက စီးပွားရေးကဏ္ဍ မူဝါဒအဆိုပြုလွှာ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက လူမှုရေးကဏ္ဍ မူဝါဒအဆိုပြုလွှာ၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ဟန်က လုံခြုံရေးကဏ္ဍ မူဝါဒအဆိုပြုလွှာ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒအဆိုပြုလွှာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ကဏ္ဍအလိုက် မူဝါဒအဆိုပြုလွှာများနှင့် စပ်လျဉ်း၍ အစုအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 

လွှတ်တော်အစုအဖွဲ့ အစည်းအဝေး၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် ဦးခွန်မောင်သောင်းက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ (UPDJC) အတွင်းရေးမှူး ဦးအောင်စိုးက ညီလာခံလုပ်ငန်းစဉ် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်နှင့် နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုးတို့က နိုင်ငံရေးကဏ္ဍ မူဝါဒအဆိုပြုလွှာ၊ လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၊ ဦးလွင်ကိုလတ်နှင့် ဦးမြင့်လွင်တို့က စီးပွားရေးကဏ္ဍ မူဝါဒအဆိုပြုလွှာ၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၊ ဦးမင်းဦးနှင့် ဒေါ်နန်းထွေးသူတို့က လူမှုရေးကဏ္ဍ မူဝါဒအဆိုပြုလွှာ၊ လွှတ်တော်ကိုယ်စားလှယ် ဦးအင်တုန်ခါးနော်ဆမ်၊ ဒေါ်နီရွှေလျန်းနှင့် ဦးတင်သစ် (ခ) ဦးရည်မွန်တို့က လုံခြုံရေးကဏ္ဍ၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ ဦးဇော်မင်းလတ်နှင့် ဦးစိုးလေး (ခ) ဦးစိုးဝင်းတို့က မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒအဆိုပြုလွှာတို့ကို ရှင်းလင်းတင်ပြကြသည်။

အဆိုပါ ကဏ္ဍအလိုက် မူဝါဒအဆိုပြုလွှာများနှင့် စပ်လျဉ်း၍ အစုအဖွဲ့ဝင်များက ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။

 

တပ်မတော်အစုအဖွဲ့ အစည်းအဝေး၌ သဘာပတိ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှုကော်မတီ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှုကော်မတီ၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှုကော်မတီ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှုကော်မတီ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှုကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် မူဝါဒအဆိုပြုလွှာများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့ အစည်းအဝေး၌ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများအတွင်း ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း၊ အကျိုးဆောင်အဖွဲ့ လုပ်ငန်းလမ်းညွှန်ကို ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ကြပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေး စသည့် ကဏ္ဍငါးခုနှင့် စပ်လျဉ်းသည့်  မူဝါဒအဆိုပြုလွှာများကို အစုအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 

နိုင်ငံရေးပါတီ အစုအဖွဲ့အစည်းအဝေး၌  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)  ဒုတိယဥက္ကဋ္ဌ ဦးသုဝေက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများအတွင်း ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း၊ အကျိုးဆောင်များ၏ လုပ်ငန်းလမ်းညွှန်ကို ဖတ်ကြားခြင်းနှင့် ကဏ္ဍအလိုက် ဆွေးနွေးမည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ကြပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍငါးခုနှင့် စပ်လျဉ်းသည့်  မူဝါဒအဆိုပြုလွှာများကို အစုအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

(သတင်းစဉ်)