ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပထမနေ့ စုံညီ ညီလာခံအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၄ မေ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယ အစည်းအဝေး)ပထမနေ့ စုံညီ ညီလာခံ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)(MICC–2)၌ စတင်ကျင်းပသည်။

အစည်းအဝေး၌ သဘာပတိများအဖြစ် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်၍ ဦးဉာဏ်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ခိုင်စိုးနိုင်အောင်၊ ဦးစောတင်ဝင်းတို့က ဆောင်ရွက်ကြပြီး သဘာပတိ ဒေါက်တာ တင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အတွင်း ရေးမှူးအဖွဲ့ဝင် ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဦးမျိုးဝင်း၊ ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးနိုင်ငံလင်း၊ ခွန်မြင့်ထွန်း၊ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာလှဖေ တို့က ညီလာခံကျင်းပမည့်ပုံစံရှင်းလင်းတင်ပြခြင်း၊ ပြည်ထောင်စုငြိမ်း ချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၏ လုပ်ငန်းအစီရင်ခံစာ တင်သွင်းခြင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍဆိုင်ရာ အခြေခံမူဝါဒများ တင်သွင်းခြင်း၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒများ တင်သွင်းခြင်း၊ လုံခြုံရေးကဏ္ဍဆိုင်ရာ အစီရင်ခံစာ တင်ပြခြင်းနှင့် ညီလာခံတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ တင်ပြခြင်းတို့ကို ဆောင်ရွက်ကြပြီး သဘာပတိအဖွဲ့ဝင် ဦးဉာဏ်ဝင်းက နိဂုံးချုပ်အမှာ စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေး ပထမနေ့ စုံညီညီလာခံအစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ တပ်မတော်သားအစုအဖွဲ့၊ အစိုးရကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့တို့က သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ညီလာခံတွင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

ညနေပိုင်းတွင် ညီလာခံပထမနေ့ဆောင်ရွက်ခဲ့မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့သည်။

(သတင်းစဉ်)